Monday, July 06, 2015

မြန်မာ စီးပွားဖက်၏ ကျောက်စိမ်းလုပ်ငန်း ဆက်နွယ်မှု ကိုကာကိုလာ ထုတ်ဖော်


ကိုကာကိုလာကုမ္ပဏီသည် ၄င်းတို့နှင့် တွဲဖက်လုပ်ကိုင်နေသော မြန်မာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တယောက်သည် ပြစ်တင်ဝေဖန်ခံနေရသော ကျောက်စိမ်းလောကနှင့် ပတ်သက်နေကြောင်း ထုတ်ဖော် ပြောခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ စီးပွားရေး ၀င်ရောက်လုပ်ကိုင်ရန် ကြိုးစားနေသော အနောက်နိုင် ငံမှ ကုမ္ပဏီများသည်အနေဖြင့် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်။

ကိုကာကိုလာ ပင်းယ အဖျော်ယာမကာလုပ်ငန်း၏ ဒါရိုက်တာဖြစ်သူ ဒေါ်ရွှေစင်သည် ပြည်တွင်း ကျောက် စိမ်းလုပ်ငန်းကို လုပ်ကိုင်နေသော Xie မိသားစု ကုမ္ပဏီ၏ ရှယ်ယာဝင်တဦးဖြစ်ပြီး ဒါရိုက်တာလည်းဖြစ် သည်။ ကျောက်စိမ်းတင်ပို့ရောင်းချခွင့်ကို အမေရိကန်အစိုးရက ပိတ်ပင်တားဆီးထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံခြင်းသည် အမေရိကန်၏ ဥပဒေနှင့်အညီ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဒေါ်ရွှေစင်၊ Xie မိသားစုလုပ်ငန်းနှင့် ကိုကာကိုလာတို့သည် အမှားတစုံတရာပြုလုပ်ခဲ့ခြင်း မရှိပါ။ သို့သော် ကိုကာကိုလာ သည် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး ၂ နှစ်ကျော်အကြာတွင်မှ ဒေါ်ရွှေစင်နှင့် ကျောက်စိမ်းလုပ်ငန်းတို့ ပတ်သက်မှုရှိကြောင်း ရုတ်တရက် သတင်းထွက်လာသောအခါ ထိုကိစ္စကို ကိုကာကိုလာအနေဖြင့် ရင်းနှီး မြုပ်နှံမှုများ မပြုလုပ်ခင်ကတည်းက မသိခဲ့သလောဆိုသည့် မေးခွန်းမေးစရာ ဖြစ်လာခဲ့သည်။

“ကံမကောင်းစွာနဲ့ ကိုကာကိုလာ တခုတည်းဘဲ မြန်မာနိုင်ငံက ပါတနာတွေရဲ့ နောက်ကြောင်းကို မသိတာ မဟုတ်ပါဘူး။ တိုင်းပြည်တစ်ခုလုံးကို အမှောင်ချထားခံရတော့ ကိုယ်နဲ့တွဲလုပ်နေတဲ့သူတွေက ဘယ်သူတွေ လည်းဆိုတာ သိဖို့ ခက်ခဲပါတယ်”ဟု ကိုကာကိုလာက အဆိုပါကိစ္စကို ထုတ်ဖော်ပြောဆိုလာစေရန် စုံစမ်း အစီရင်ခံခဲ့သော Global Witness အဖွဲ့ ၏ သုတေသနပညာရှင် Juman Kubba ပြောသည်။ Global Witness သည် ပဋိပက္ခ၊ ခြစားမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ဆက်နွယ်နေသော စီးပွားရေး ကဏ္ဍများအား သုတေသနလုပ် စုံစမ်းဖော်ထုတ်သော NGO အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေသန်း ၅၀ ကျော်ရှိသော စားသုံးသူဈေးကွက်သို့ သူထက်ငါ အလျင်စလို ၀င်ရောက် လိုကြသော အနောက်နိုင်ငံမှ ကုမ္ပဏီများသည် စီးပွားဖက် ရွေးချယ်ရာတွင် အဆင်မပြေမှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏သမိုင်းတွင် ခရိုနီသူဌေးများနှင့် ဆက်စပ်မှုရှိသော အာဏာရှင် များ၏ အဂတိလိုက်စားမှုများနှင့် ဖိနှိပ်မှုများရှိခဲ့သောကြောင့် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ နာမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံမှ လူဦးရေ အယောက် ၁၀၀ ကျော်နှင့် အဖွဲ့အ စည်းများ ပါဝင်ပါသည်။ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် နီးကပ်မှုရှိသော မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဆောက်လုပ်ရေးလုပ်ငန်း ရှင် ဦးဝင်းအောင်ကို မကြာသေးခင်ကမှ ထိုနာမည်ပျက်စာရင်းမှ ဖယ်ရှားပေးလိုက်သည်။ ယမန်နှစ်က အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် နေပြည်တော်သို့ လာရောက်လည်ပတ်စဉ် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့ခံထားရသော စီးပွားရေးသမားတဦးဖြစ်သူ ဦးဇော်ဇော်၏ ဟိုတယ်တွင် တည်းခဲ့ပါသေးသည်။

ကိုကာကိုလာသည် အဆိုပါကိစ္စကို ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် “တာဝန်သိသော ရင်းနှီးမြှုပ် နှံမှု” အစီရင်ခံစာတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော အမေရိကန်ကုမ္ပဏီများသည် အမေရိကန်အစိုးရထံ ယင်းသို့ အစီရင်ခံစာတင်သွင်းကြရန် တာဝန်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် နှစ် ၅၀ ကျော် စစ်အစိုးရ အဆုံးသတ်သွားသောကြောင့် အမေရိကန်နိုင်ငံသည် ပိတ်ဆို့ ထားမှု အတော်များများကို ဆိုင်းငံပေးခဲ့သော်လည်း အချို့ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အပေါ် ပိတ်ဆို့မှုများ ကျန်ရှိနေပါသေးသည်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်ရန် စီးပွားရေး လက်တွဲလုပ်မည့်လူကို ရှာဖွေစဉ်က ဒေါ်ရွှေစင် အပါအ၀င် ၄င်း၏ ဖက်စပ် ကုမ္ပဏီ ပင်းယ အဖျော်ယာမကလုပ်ငန်းနှင့် ပတ်သက်၍ အမေရိကန်မှ တစုံ တရာ အရေးယူထားခြင်း မရှိခဲ့ကြောင်း ကိုကာကိုလာက ပြောသည်။ ထို့ကြောင့် ဒေါ်ရွှေစင်သည် စတော့ ရှယ်ယာ ပိုင်ဆိုင်မှု ၃၇ ဒဿမ ၇ ရာခိုင်နှုန်းထည့်ဝင် လုပ်ကိုင်လျက်ရှိပါသည်။

Global Witness ၏ ဖော်ပြချက်အရ ဒေါ်ရွှေစင်နှင့် ကျောက်စိမ်းလုပ်ငန်းများ လုပ်ကိုင်နေသော Xie မိသားစု ကုမ္ပဏီ ပတ်သက်မှုကို သိရှိသွားသောကြောင့် ယခုနှစ်အတွင်း နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုကာကိုလာက ပြောသည်။

တရားဝင် မှတ်တမ်းများအရ Xie မိသားစုလုပ်ငန်း၏ ပိုင်ဆိုင်မှုကိုကို ယမန်နှစ်ကမှ လူသိရှင်ကြား ထုတ် ဖော်ခဲ့ကြောင်း ကိုကာကိုလာက ပြောသော်လည်း ဒေါ်ရွှေစင်သည် အစောပိုင်းကာလကတည်းက သူမ၏ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်မှု အားလုံးကို ပြောပြခဲ့သလား သို့မဟုတ် ကိုကာကိုလာအနေဖြင့် မေးမြန်းခဲ့ သလား ဆိုသည်ကို မှတ်ချက်ပေးခြင်း မရှိပါ။

မြန်မာ့ကျောက်စိမ်းလုပ်ငန်း၏ ၀ယ်လက်အများစုမှာ တရုတ်လူမျိုးများဖြစ်ကြပြီး တနှစ်လျှင် ဒေါ်လာသန်း ချီ၍ ရောင်းရသော်လည်း ၄င်းလုပ်ငန်းတည်ရှိရာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် မှောင်ခိုရောင်းဝယ် ခြင်းများ၊ အကျင့်ပျက် ခြစားခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လျက် ရှိသည်။

နေပြည်တော်တွင် ကျင်းပလျက်ရှိသော ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်းနှင့် ပြည်ပ မှ ရတနာကုန်သည်များလာရောက်ကြပြီး လေလံဆွဲ ၀ယ်ယူလျက်ရှိကာ ၄င်းပြပွဲမှ ယမန်နှစ်က ယူရို ၂ ဒဿ၅ ဘီလီယံ ရရှိခဲ့သည်။

Global Witness ၏ စာရွက်စာတမ်းများအရ ယမန်နှစ်က ကျောက်မျက်ရတနာပြပွဲတွင် Xie မိသားစုသည် စစ်တပ်နှင့် ပတ်သက်သော ကျောက်စိမ်းကုမ္ပဏီတခုနှင့် စီးပွားရေးဆက်နွယ်မှုရှိကြောင်း သိရသည်။ လေလံပွဲစာရင်းအရ ရောင်းရငွေအများစုမှာ Xie မိသားစုနှင့် Myanmar Imperial Jade တို့မှ ဖြစ်သည်။ Myanmar Imperial Jade သည် စစ်တပ်က ပိုင်ဆိုင်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (Union of Myanmar Economic Holding) နှင့် ပတ်သက်ကြောင်း WikiLeaks ၏ သတင်းများအရ သိရသည်။

ကိုကာကိုလာသည် Myanmar Imperial Jade နှင့် စစ်တပ်တို့၏ ပတ်သက်မှုကို သိထားသော်လည်း Xie မိသားစု၏ အကြောင်းများကို မသိခဲ့ဟု ဆိုသည်။ ဒေါ်ရွှေစင်နှင့် ကျောက်စိမ်းလုပ်ငန်းတို့ ပတ်သက်နေမှုကို သိရှိလိုက်သောအခါ စိုးရိမ်မှုများ မြင့်တက်သောကြောင့် Global Witness အပါအ၀င် အခြား ရှယ်ယာရှင် များအတူ ဆက်သွယ်နိုင်ရန် အလျင်အမြန် ဆောင်ရွက်ခဲ့သည်ဟုဆိုပါသည်။

“ကျွန်ုပ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်နေတဲ့အတွက် ယုံကြည်မှု ရှိပါသည်။ ကျွန်ုပ်တို့ရဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များသည်လည်း လူ့အခွင့်အရေး၊ လုပ်ငန်းအခွင့်အရေးနှင့် စီးပွားရေး ကျင့်ဝတ်များအပေါ် ကျွန်ုပ်တို့ ထားရှိသော မျှော်မှန်းချက်များကို နားလည်ကြသည်”ဟု ကိုကာကိုလာ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေါ်ရွှေစင်အား Myanmar Imperial Jade အပြင် အခြားကိစ္စများနှင့် ပတ်သက်သည့်မေးခွန်းများကို အီးမေးလ် ပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသေးပါ။ The Financial Times သတင်းစာသည် ကိုကာ ကိုလာမှတဆင့် ဒေါ်ရွှေစင်သို့ အင်တာဗျူးရန် ခွင့်တောင်းခဲ့သော်လည်း မရရှိပါ၊ ထုတ်ပြန်ချက်တခုကို ပြုလုပ်ရန် ပြင်ဆင်ကောင်း ပြင်ဆင်နေနိုင်ပါသည်။

Xie မိသားစုထံသို့ တစ်စုံတရာ ပြောကြားရန်တောင်းဆိုခဲ့သော်လည်း တုံပြန်မှု မရှိခဲ့ပါ။ ရန်ကုန်ရှိ Xie မိသားစုရုံးခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းဖြေကြားသူမှာ သူ၏နာမည်ကို ပြောရန်ငြင်းဆိုခဲ့ပြီး တောင်း ဆိုမှုကို မန်နေဂျာထံသို့ တင်ပြပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List