Tuesday, July 07, 2015

အနည်းဆုံးအခကြေးငွေ ၄၀၀၀ ရရေး ဆန္ဒပြကြမည်


လတ်တလောအဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ ကျပ် ၃၆၀၀ ကို လက်မခံဘဲ ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ အလုပ်သမားတွေက လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာဆန္ဒပြဖို့ ပြင်ဆင်နေကြပြီး အလုပ်သမား အဖွဲ့အစည်းတွေ ကတော့ ဆန္ဒမပြဘဲ စောင့်ကြည့်သင့်တယ်လို့ အကြံပြုကြ ပါတယ်။
အလုပ်သမား၊ အလုပ်ရှင်နဲ့၊ အစိုးရကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသား အဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ် ရေး ကော်မတီက နိုင်ငံတ၀န်းမှာ အနည်းဆုံး အခကြေးငွေကို ၃၆၀၀ သတ်မှတ်ဖို့ ဇွန် ၂၉ ရက်နေ့က အဆိုပြု ကြေညာ ခဲ့ပါတယ်။ ကန့်ကွက်လိုက နှစ်ပတ်အတွင်း ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ အလုပ်သမားတွေဘက်က တညီတညွတ်တည်း တောင်းဆိုနေတဲ့ ကျပ် ၄၀၀၀ နှုန်းထားနဲ့ အထည်ချုပ်လုပ်ငန်းလို လက်ခစား လုပ်ကိုင်နေတဲ့ စက်ရုံတွေက အဆိုပြုတဲ့ ကျပ် ၂၅၀၀ နှုန်းထားအကြားက နှုန်းထားတခုကို အဆိုပြုခဲ့တာဖြစ် ပါတယ်။

အလုပ်သမားတွေကတော့ ကျပ်ငွေ ၄၀၀၀ သတ်မှတ်ပေးဖို့အတွက် ရန်ကုန် တိုင်း လှိုင်သာယာရဲတပ်ဖွဲ့ထံ လူ ၃၀၀၀ ဆန္ဒဖော်ထုတ်ခွင့် တောင်းခံပါ တယ်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများ ကွန်ရက်က ဒေါ်လှလှက “၄၀၀၀ လုံးရမှ ကျနော်တို့ အလုပ်သမားတွေ အဆင်ပြေမှာပါ။ ကျနော်တို့တွေက ဒီအချိန်မှာတောင်းဆို ထားမှ။ အနည်း ဆုံး အခကြေးငွေ တည်သွားပြီဆိုရင် သူတို့သတ်မှတ်ထားတဲ့ အချိန်အတောအတွင်း ကျနော်တို့က သူတို့ပေးတဲ့နှုန်းနဲ့ လောက်လောက်၊ မလောက်လောက် စားရမှာ။ မလောက်ရင် အငတ်ခံရမယ့် အနေအထားမှာ ရှိပါတယ်။” လို့ ပြောပါ တယ်။

စက်ရုံပိတ်မယ်လို့ ခြိမ်းခြောက်တိုင်း မကြောက်ဖို့ သူက အားပေးပါတယ်။ သူက “သူတို့ရင်းနှီးမြှုပ်နှံမှုတွေကို အဆုံးရှုံး ခံနိုင်ပြီး ပြန်သွားမယ်ဆို ကျနော်တို့ ဘာမှမဖြစ်ပါဘူး။ မပေးနိုင်ဘူးဆိုပြီး ဒီအတိုင်း ပြန်သွားလို့ မရပါဘူး။ အလုပ်သမား တွေကို သိစေချင်တာက သူတို့ခြိမ်းခြောက်တဲ့ အတိုင်း သူတို့ ပြန်သွားခဲ့ရင် အလုပ်သမားတွေကို နစ်နာကြေးတွေ ပေးခဲ့ပြီးမှ၊ စက်ရုံတွေပိတ်ပြီးမှ ပြန်ရမယ်ဆိုတာကို အလုပ်သမားတွေ သိစေချင်ပါတယ်။ မပေးဘဲပြန်သွားခဲ့ရင် ဥပဒေနဲ့ အညီ ရအောင်လုပ်မှာပါ။” လို့ ပြောပါတယ်။

အလုပ်သမားရေး ဆောင်ရွက်သူ အဖွဲ့အစည်းတွေကတော့ လက်ရှိအခြေ အနေကို စိတ်ရှည်လက်ရှည် စောင့်ကြည့်သင့် တယ်လို့ ပြောကြပါတယ်။

အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဦးဆောင်သူ ဒေါ်အိရွှေ စင်ညွန့်က “အလုပ်သမားတွေအနေနဲ့ လက်ရှိအခြေအနေမှာ စောင့်ကြည့်ပေးဦး၊ ၄၀၀၀ မဖြစ်မနေရမှ ဆိုတဲ့ဟာမျိုး မစဉ်းစားပါနဲ့။ အဲဒါ ကျမတို့ အလုပ်သမား ရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်း သုံးလေးဖွဲ့ activists (လှုပ်ရှားဆောင်ရွက်သူတွေ) သဘောထားပါပဲ။” လို့ ပြောပါတယ်။

အဆိုပြုတဲ့နှုန်းဟာ နည်းပါးပေမယ့်  လက်ရှိအခြေအနေအရ လက်ခံနိုင်ဖွယ် ရှိကြောင်းနဲ့  အထည်ချုပ်လုပ်ငန်းတွေ အနေနဲ့ ထွက်လိုက ထွက်သွားပါ စေလို့ သူက ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က ဈေးပေါတဲ့လုပ်သားရှိတယ်။ ဒီတော့ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်တုန်း သူတို့ လာရင်းနှီး မြှုပ်နှံတာ။ တခြား သူတို့ သွားစရာမရှိဘူး။ ဒါဟာ ခြိမ်းခြောက်မှုသက် သက်ဖြစ်တယ်။ သူတို့မလုပ်ရင် လုပ်မယ့်သူ လာလိမ့်မယ်။ သူတို့သွားလို့ အလုပ်သမားတွေ ရွှေ့ပြောင်းကုန်မလား၊ လမ်းဘေးရောက် မလား ဒါမျိုး ကျမတို့လည်း တွေးပါတယ်။ ဒါပေမယ့် ဒီလောက်အခြေအနေကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ဘူး။”

၃၃၀ နီးပါးရှိတဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေထဲက တ၀က်လောက်သာ ကန့်ကွက်ကြတာ လို့  သူက ပြောဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ ၁၄၅ ဦးသော လုပ်ငန်းရှင်တွေက ကန့်ကွက်တာ။ အဲဒီမှာမှ ထွက်သွားမယ်ဆိုတာက ၉၀။ တရုတ် ၃၀၊ ကိုရီးယား ၆၀။ အများ ကြီးကျန်နေသေးတယ်။ နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ လာမယ့်သူတွေလည်း ရှိနေ သေးတယ်။ အရမ်း ရုပ်ပျက်ဆင်းပျက် ဖြစ်မယ်လို့တော့ မထင်ဘူး။” လို့လည်း ပြောပါတယ်။

ကာယကံရှင် အလုပ်သမားရဲ့ဆန္ဒမပါဘဲ မဖြစ်မနေ အချိန်ပိုဆင်းရတယ် ဆိုတာဟာ အဓမ္မ လုပ်အားခိုင်းစေခြင်းတမျိုး ဖြစ်တယ်လို့ သူက ထောက်ပြ ပြီး မြန်မာနိုင်ငံဟာ အဓမ္မလုပ်အား မခိုင်းစေဘူးလို့ အာမခံထားတာကြောင့် အချိန်ပို မဆင်းမနေရ ခိုင်းစေရင် အဓမ္မခိုင်းစေမှုအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ထံ တင်ပြ တိုင်တန်းရမယ်လို့ ဆိုပါတယ်။

ဒီအဆိုပြုနှုန်းထား ၃၆၀၀ ကျပ်ဟာ များတယ်လို့ မဆိုသာပေမယ့် နိုင်ငံတ၀န်း နယ်ပယ်စုံက အလုပ်သမားတွေ မရရှိ သေးတဲ့ လစာနဲ့ နှိုင်းယှဉ်ရင် တိုးတက်တဲ့လက္ခဏာ ဆောင်တယ်လို့ ဒေါ်အိရွှေစင်ညွန့်က ထောက်ပြပါတယ်။

အဆိုပြုနှုန်းထား ၃၆၀၀ ကို အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က မပေးနိုင်ကြောင်းနဲ့ စက်ရုံပေါင်း ၁၀၀ ကျော် ပိတ်မယ် လို့ လွန်ခဲ့တဲ့ရက်ပိုင်းက ရှင်းလင်းခဲ့ပါတယ်။

အထည်ချုပ်စက်ရုံတွေ ပိတ်မယ်ဆိုတဲ့ သတင်းစကားဟာ အသားကျစပြုတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်း လည်ပတ်မှုအ တွက်သာမကဘဲ အထည်ချုပ် အလုပ်သမား ၂ သိန်းခွဲခန့် ရှိနေတဲ့ (အများစု အမျိုးသမီးအလုပ်သမား) တွေ အလုပ် လုပ်မဲ့ဖြစ်မယ့် အနေအထားမျိုး ရှုမြင်ပြီး စိုးရိမ်မှုတွေ ပေါ်ပေါက်ပါ တယ်။ လက်ရှိမှာကိုပဲ မြန်မာနိုင်ငံက လုပ်သားတွေ ဟာ လုပ်ခလစာ ပိုမိုရရှိ တဲ့ အိမ်နီးချင်း ထိုင်း၊ မလေးရှားနိုင်ငံတွေမှာ သန်းနဲ့ချီပြီး သွားရောက်လုပ် နေကြတာပါ။

ဒီစိုးရိမ်မှုနဲ့ပတ်သက်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသား အဆင့် ကော်မတီဝင် အလုပ်သမားဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အထည်ချုပ်လုပ်ငန်း ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က “မဖြစ်နိုင်တာကို မစဉ်းစားဘူးဗျ၊ ဖြစ်နိုင်တာ ကို စဉ်းစားမယ်။ လုပ်နိုင်တဲ့သူ ဆက်လုပ် လိမ့်မယ်။ ဦးနှောက်မစားနဲ့။ ဘာဖြစ်လဲဆို စဉ်းစားကြည့်လေ။ လူ ၂ သိန်းက နည်းတာမဟုတ်ဘူး။ နောက်တခုက နိုင်ငံခြားသားက ဒီမှာ အရင်းအနှီးက အများကြီး လာမြှုပ်နှံထားရတာလေ။ လုပ်နိုင်တဲ့သူတွေ ဆက်လုပ်လိမ့်မယ်။ ကျနော်တို့က စိတ်မပူဘူးဗျ။ ဒီဥစ္စာကို အလုပ်သမားတွေရော၊ အဖွဲ့အစည်းတွေရော သိတယ်လေ။ အားလုံးဝိုင်းလုပ် ကြမှာပါ။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဒါကို ၀ိုင်းလုပ်ကြမှာပါ။ ဒါမှ အောင်မြင်မှာဗျ။” လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီး ဦးဆောင်ပါဝင်တဲ့ အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီဟာ နိုင်ငံတ၀န်း မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ လူနေမှုစရိတ်ကို ကောက်ယူ စစ်တမ်းပြုစုခဲ့ပြီး နှုန်းထားသတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်း တာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ပြည်တွင်းလုပ်ငန်းရှင်ပိုင်စက်ရုံ ၁၁၇ ရုံး၊ နိုင်ငံခြားသားပိုင်စက်ရုံ ၁၁၅ ရုံနဲ့ ဖက်စပ်ပိုင်စက်ရုံ ၁၇ ရုံ ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတကာက မှာယူတဲ့ အထည်တွေ ကို ဖြတ်၊ ချုပ်၊ ပို့ စနစ်နဲ့လက်ခစားလုပ်ငန်းကိုသာ အားပြုလုပ်ကိုင်ပြီး ဂျပန်၊ ကိုရီးယား၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံတွေကို တင်ပို့ကြပါတယ်။

ဒီကနေ့ နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းကို ဆက်သွယ် မေးမြန်းရာမှာ တရားဝင် ရှင်းလင်းထားတဲ့ အတိုင်းသာ ရပ်တည်ပြီး အပြောင်းအလဲမရှိကြောင်း တုံ့ပြန်ပါတယ်။ အထည် ချုပ်လုပ်ငန်း တာဝန်ရှိသူတွေ အဆိုအရ ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားမှု၊ အလုပ်သမားတွေရဲ့ အရည်အသွေးပိုင်းဆိုင် ရာနဲ့ အခြေခံအဆောက်အဦ အားနည်းမှုတွေကို ထောက်ပြပြီး ထုတ်လုပ်မှုနှုန်း ထား မြင့်မားတဲ့ တခြားနိုင်ငံတွေရဲ့ ပေးတဲ့နှုန်းထားအတိုင်း တိုင်းတာလို့ မရနိုင်ဘူးလို့ ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံ အမျိုးသားအဆင့် ကော်မတီက အဆိုပြုနှုန်းထားဟာ တရက်ကို ၃၆၀၀ ဖြစ်တဲ့အတွက် ကန်ဒေါ်လာ ၃ ဒသမ ၄ ဒေါ်လာဖြစ်ပါတယ်။ တလစာ အနည်းဆုံး အခကြေးငွေနှုန်း ဆိုရင်တော့ ဒေါ်လာ ၁၀၀ စွန်းစွန်း ရရှိကြမှာပါ။

နှိုင်းယှဉ်မှုအရ မြန်မာနည်းတူ လက်ခစား အထည်ချုပ်လုပ်ငန်းတည်ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အနည်းဆုံးအခကြေး ငွေကို ဒီနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး အနည်းဆုံး အခကြေးငွေကို တလ ကန်ဒေါ်လာ ၁၂၈ စတင်ခံစားခွင့်ပြုခဲ့ပါ တယ်။ ထိုင်းမှာတော့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အနည်းဆုံး အခကြေးငွေက တလကို ကန်ဒေါ်လာ ၂၇၀ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အထည်ချုပ်လုပ်သား တဦးအဖို့ ဘောနပ်စ်နဲ့ အချိန်ပိုလုပ်ခ ထည့်ပေါင်းတဲ့ အခါမှာတော့ တလကို ၂၁၇ ဒေါ်လာထိ လစာရသလို ထိုင်းမှာတော့ ကန်ဒေါ်လာ ၃၅၀ ကနေ အထက်ကို ရရှိကြပါတယ်။ အနည်းဆုံးအခကြေးငွေ ဟာ အလုပ်လုပ်တာနဲ့ ရရှိခံစားရမယ့်လုပ်ခြ ဖြစ်ပါတယ်။ အခြေခံလစာကတော့ အနည်းဆုံးအခကြေးငွေထက် မနည်း စေဘဲ တတ်ကျွမ်းမှု၊ လုပ်သက် အဆင့်အလိုက်၊ ရာထူးအလိုက် ခံစားရမယ့် လစာဖြစ်သလို  လုပ်သက်နှစ်အလိုက် လစာ တိုးသွားဖို့ ရှိပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းက အနည်းဆုံး အခကြေးငွေနှုန်းထား ကို မြှင့်တင်စဉ်က အထည်ချုပ်လုပ်ငန်း ကြုံတွေ့ရတဲ့ အခက်အခဲကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က ကြားဝင်ပြီး အထည်အပ်တဲ့ လုပ်ငန်းရှင်တွေကို ဈေးအနည်းငယ် တိုးမြှင့်ပေးဖို့ ၀င်ရောက်တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမှုကြောင့် ဥရောပ သမဂ္ဂက ဂျီအက်စ်ပီခေါ် အခွန်အထူးသက် သာခွင့် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ပြန်လည်ပေးအပ်ခဲ့ပါတယ်။

DVB



No comments:

Post a Comment

My Blog List