Monday, July 06, 2015

IS အစွန်းရောက်အုပ်စု၏ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် တူနီးရှားတွင် ရက် ၃၀ ကြာ အရေးပေါ်အခြေအနေ ကြေညာ


တူနီးရှားနိုင်ငံ အပန်းဖြေစခန်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု မျိုး ထပ်မံပေါ်ပေါက်လာမည် ဆိုပါက တိုင်းပြည်ပြိုလဲသွားမည့် အနေအထားတွင် ရှိသောကြောင့် သမ္မတ ဘီဂျီကာဒ်အက်စ်ဘီစီက ရက်ပေါင်း ၃၀ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

“ပြီးခဲ့သည့် သီတင်းပတ်အတွင်း နာမည်ကျော် ဆုစ်အပန်းဖြေစခန်းတွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မျိုးသည် တူနီးရှားနိုင်ငံ တစ်ခုလုံး ပြိုလဲသွားစေနိုင်သောကြောင့် အရေးပေါ်အခြေအနေကို ရက်ပေါင်း ၃၀ ကြာ ကြေညာလိုက်ခြင်း ဖြစ်သည်” ဟု သမ္မတ ဘီဂျီက ဆိုသည်။ 

ယင်းအရေးပေါ် အခြေအနေ အမိန့်အရ တူနီးရှားစစ်တပ်နှင့် ရဲတပ်ဖွဲ့အနေနှင့် အကြမ်းဖက်သမားများ နှိမ်နင်းရေးအတွက် အာဏာနှင့် လုပ်ပိုင်ခွင့်များ ပိုမိုရရှိမည် ဖြစ်သလို အများပြည်သူများ စုဝေးမှုကဲ့သို့ သော အခွင့်အရေးများလည်း တစ်လကြာမျှ ကန့်သတ်ခံရမည် ဖြစ်သည်ဟု သတင်းများက ဆိုသည်။ 

သို့သော် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများအပေါ် အသိအမှတ်ပြု လေးစားလိုက်နာသွားမည် ဖြစ်သည် ဟု သမ္မတက ကတိကဝတ်ပြု ပြောဆိုသည်။ 

ယမန်နေ့က ပြုလုပ်သော ရုပ်သံမိန့်ခွန်း ပြောဆိုမှုတွင် သမ္မတဘီဂျီက ISIS စစ်သွေးကြွအုပ်စုကို ပြစ်တင် ရှုတ်ချပြီး တူနီးရှားနိုင်ငံသည် အစွန်းရောက်ဝါဒနှင့် စစ်ခင်းနေပြီ ဖြစ်သည်ဟု ကြေညာလိုက်သည်။ 

“တူနီးရှားနိုင်ငံဟာ အင်မတန် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ၊ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်း ရှင်းရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်ချက်တွေ အားလုံးကို လုပ်ဆောင်သွားကြရမှာပဲ ဖြစ်ပါ တယ်” ဟု သမ္မတ ဘီဂျီက ပြောကြားသည်။ 

ယခုကဲ့သို့ အစွန်းရောက်ဝါဒများနှင့် အကြမ်းဖက်သမားများကို စစ်ခင်းရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း သည် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်၊ အကြမ်းဖက်သမားတစ်ဦးက ဆုစ်အပန်းဖြေစခန်းတွင် ရှိသော Hotel Riu Imperial Marhaba ကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့အမှုအပေါ် တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်ဟု လည်း ၎င်းက ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည် အများစု အပါအဝင် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ရသည့် ယင်းအကြမ်းဖက် တိုက်ခိုက်မှု ကို ISIS စစ်သွေးကြွအုပ်စုက ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အပန်းဖြေစခန်းကို တိုက်ခိုက်ခဲ့သည့် ဆာအစ်အယ်ဒင်းအယ်ရီဂူဆိုသူ အသက် ၂၄ နှစ်အရွယ် သေနတ် သမား၏ ဓာတ်ပုံကို ISIS စစ်သွေးကြွအုပ်စုက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ သေနတ်သမားကို တူနီးရှား ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်သည့်နေ့တွင်ပင် ယင်းအပန်းဖြေစခန်း အနီး၌ ပစ်သတ်ခဲ့ ကြောင်း တူနီးရှား ပြည်တွင်းမီဒီယာများက ရေးသားဖော်ပြကြသည်။ 

တူနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ISIS စစ်သွေးကြွအုပ်စု သို့မဟုတ် အစွန်းရောက် အကြမ်းဖက် အုပ်စုနှင့် အဆက်အသွယ်ရှိသော အကြမ်းဖက်သမားများကို လိုက်လံနှိမ်နင်းလျက်ရှိကြောင်း သတင်းထုတ် ပြန်သည်။

The Voice Weekly


No comments:

Post a Comment

My Blog List