Thursday, July 09, 2015

အနည်းဆုံးလုပ်ခ ကျပ် ၃၆၀၀ ကို အထည်ချုပ်လုပ်ငန်းရှင် တစ်ရာကျော် ကန့်ကွက်စာတင်


မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခသတ်မှတ်ရန် အဆိုပြုထုတ်ပြန်ထားသည့် ကျပ် ၃၆၀၀ နှုန်းထားကို မပေးနိုင်သဖြင့် အထည်ချုပ်လုပ်ငန်းရှင် ၁၀၅ ဦး၏ ကန့်ကွက်လွှာများကို ဇူလိုင်လ ၇ ရက်နေ့က သက်ဆိုင် ရာကော်မတီသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြား သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် လုပ်ငန်းရှင် ၁၀၅ ဦး ကန့်ကွက်လွှာကို ပေးပို့ထားပြီး လက်ရှိတွင်လည်း လုပ်ငန်း ရှင် ၇၀ ကျော်၏ ကန့်ကွက်လွှာများကို လက်ခံရရှိထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထည်ချုပ် အပါအဝင် CMP (လက်ခစား) လုပ်ငန်းရှင်များက အနည်းဆုံး လုပ်အားခအဖြစ် ကျပ် ၂၅၀၀ ကိုသာ ပေးနိုင်မည်ဟု အဆိုပြုထားပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီက အလုပ်ချိန် ရှစ်နာရီအတွက် အဆိုပြု အနည်းဆုံးလုပ်အားခ ကျပ် ၃၆၀၀ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သဖြင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်တွင် ဇူလိုင် ၂ ရက်နေ့တွင် အထည် ချုပ်လုပ်ငန်းရှင်အသင်းက အစည်းအဝေးလုပ်ခဲ့ရာ ကျပ် ၃၆၀၀ နှုန်းထားကို မပေးနိုင်ကြောင်း ယင်းအစည်း အဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ရာ ကျော်က လက်ထောင်ကာ ဆန္ဒပြုခဲ့ကြသည်။

ဇူလိုင်လ ၃ ရက်နေ့တွင်လည်း CMP လုပ်ငန်းရှင်များက ယင်းနှုန်းထားကို မပေးနိုင်ကြောင်း ယင်းနည်းတူ ဆန္ဒပြုခဲ့ကြသည်။

အလုပ်သမားများက ကျပ်လေးထောင် သတ်မှတ်ပေးရန် တောင်းဆိုထားသော်လည်း အမျိုးသားကော်မတီ က ကျပ် ၃၆၀၀ ကို အဆိုပြု သတ်မှတ်ထုတ်ပြန်သဖြင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆန္ဒပြကန့်ကွက်မည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် စံကောင်းပီနန်အိတ် စက်ရုံအလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးအောင် စိုးမင်းက ပြောကြားသည်။

အနည်းဆုံးလုပ်အားခ ကျပ် ၃၆၀၀ ကို ကန့်ကွက်လိုသည့် အလုပ်သမားများ၏ လက်မှတ်များကို ကောက် ယူကာ ကန့်ကွက်စာကို ဇူလိုင်လ ၁၀ ရက်နေ့တွင် သက်ဆိုင်ရာ အနည်းဆုံး လုပ်အားခ သတ်မှတ်ရေး ကော်မတီများသို့ တင်သွင်းမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ တစ်ဦးလည်းဖြစ်သူ၎င်းကဆိုသည်။

တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အဆိုပြု အနည်းဆုံး လုပ်အားခမှာ တစ်နာရီကို ၄၅၀ ကျပ်နှုန်း ဖြင့် ပုံမှန်အလုပ်ချိန် ရှစ်နာရီအတွက် ၃၆၀၀ ကျပ် သတ်မှတ်ကြောင်း၊ ယင်းနှုန်းထားနှင့်ပတ်သက်၍ အကြံ ပြု၊ ကန့်ကွက်၊ ပြင်ဆင်လိုသူများသည် နှုန်းထားထုတ်ပြန်သည့်နေ့မှ စ၍ နှစ်ပတ်အတွင်း အနည်းဆုံးအခ ကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီထံသို့ ပေးပို့ရ မည်ဖြစ်ကြောင်း အမျိုးသားကော်မတီက ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly


No comments:

Post a Comment

My Blog List