Wednesday, February 03, 2016

ဗကသအဖွဲ့ချုပ်မှ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ကို ဗိုလ်တထောင် နှင့် တာမွေတရားရုံးတို့က ပုဒ်မ ၁၈ဖြင့် ထပ်မံစွဲဆို


အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်သည့် ကျောင်းသားများကို ထောက်ခံကြိုဆိုသည့် ဆန္ဒပြမှုများတွင် ပါဝင်သည်ဟုဆိုကာ ဗကသအဖွဲ့ချုပ် မှ ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ဗိုလ်တထောင် နှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ပုဒ်မ(၁၈)ဖြင့် ထပ်မံတရားစွဲဆိုလိုက်သည်။
သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရကာ အမှုရင်ဆိုင် နေရသည့် ၎င်းတို့(၂)ဦးအား ဖေဖော်ဝါရီလ ၃ရက်က ဗိုလ်တထောင်မြို့နယ် နှင့် တာမွေမြို့နယ် တရားရုံးတို့ တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ(၁၈)ဖြင့် အမှုတွဲ ရုံးတင်ခဲ့ခြင်း ဖြစ်သည်။

"အဲဒီထောက်ခံပွဲက ဗကသအဖွဲ့ချုပ်က ဦးဆောင်လာလည်းမဟုတ်ဘူး။ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီက ထောက်ခံတာလည်း မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ရန်ကုန်ရောက်နေတုန်း သပိတ်နဲ့ ပတ်သက်လို့ လာရောက်ရှင်းပြဖို့ ပြောလို့ သွားရှင်းပြတယ်။ ကျွန်တော်က ဒီမြို့နယ်အထိ မပါဘူး။ လမ်းတစ်ဝက်နေပဲ လှည့်ပြန်သွားတယ်။ ကျွန်တော်တို့က လာရောက်ရှင်းပြတယ်ဆိုတာ ဒီမိုကရေစီ ပညာရေးသပိတ် ဦးဆောင်သူ တစ်ယောက် အနေနဲ့ လာရောက်ရှင်းပြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဦးဆောင်တာမဟုတ်တာတော့ သေချာတယ်" ဟု ကိုနန္ဒာစစ်အောင်က မီဒီယာများကို ပြောသည်။

အမျိုးသား ပညာရေးဥပဒေအား သပိတ်မှောက်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ချီတက်ဆန္ဒပြကြသည့် ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်းကို ထောက်ခံသည့် ဆန္ဒပြပွဲများကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၅ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့နှင့် နေရာ အချို့၌ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

"ပုဒ်မ(၁၈)ပေါ်မှာ ကျွန်မတို့ အယုံအကြည်မရှိဘူး။ ဒါကြောင့်လည်း ကျွန်မတို့ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေ တောက်လျောက်မှာလည်း ပုဒ်မ(၁၈)ကို တင်ခဲ့ခြင်းမရှိပါဘူး။ လုပ်လာတဲ့အတွက် ကျွန်မတို့ကို အရေးယူမယ်ဆိုရင် လည်း ကျွန်မတို့ ခံရဲတယ်။ ပြဿနာက ပုဒ်မ(၁၈)မမြောက်တဲ့ အမှုတွေကို တောင်မှ ကျွန်မတို့ကို တရားစွဲဆိုပြီးတော့ တရားရုံးတင်တာကို ခံနေရတာ ကတော့ အင်မတန်မှ မတရား ရာကျတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်"ဟု မဖြိုးဖြိုးအောင်က ဖေဖော်ဝါရီ ၃ရက်က မီဒီယာများကို ပြောသည်။

အဆိုပါ အမှုများအတွက် ဗိုလ်တထောင်မြို့နယ် နှင့် တာမွေမြို့နယ် တရားရုံး တို့တွင် ဖေဖော်ဝါရီ ၁၅ရက်၌ စတင်ရုံးထုတ်မည် ဖြစ်ပြီး ဖေဖော်ဝါရီ ၄ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ဗကသ ကျောင်းသားခေါင်းဆောင် များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုဂျိမ်း၊ မဖြိုးဖြိုးအောင်တို့ နှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ရုံးထုတ်သွားမည် ဖြစ်ကြောင်းသိ ရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List