Monday, February 01, 2016

ရုရှက ၄င်း၏ လေပိုင်နက်ကို ထပ်မံကျူးကျော်ပြန်ဟု တူရကီသတိပေး


သတိပေးနေသည့်ကြားမှပင် ရုရှ SU-34 ဂျက်လေယာဉ်မှာ ၄င်း၏ လေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာခဲ့သောကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို တူရကီက သတိပေးပြောကြားခဲ့ရာ ဆီးရီးယားစစ်ပွဲတွင် ပါဝင်ပတ်သက်နေသည့် နှစ်နိုင်ငံကြား ပိုမိုတင်းမာလာ ခဲ့ရသော်လညး ရုရှကမူ မည်သည့်ကျူးကျော်မှုမျှ မရှိခဲ့ကြောင်း ငြင်းဆန် ခဲ့သည်။
နိုဝင်ဘာလကလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ရာ ဆီးရီးပေါ် ပျံဝဲနေ သည့် ရုရှစစ်လေယာဉ် တစ်စင်းကို ၄င်း၏ လေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာသည်ဟုဆိုက တူရကီက ပစ်ချခဲ့သောကြောင့် ရုရှက တူရကီကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့လာသည်အထိ သံတမန်ရေး တင်းမာသွားခဲ့ရသည်။

ရုရှကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ် ဗိုလ်ချုပ် အီဂေါ ခိုနက်ရှင် ကော့ကမူ မည်သည့် ရုရှလေယာဉ်မျှ တူရကီလေပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းမရှိခဲ့ဘဲ၊ တူရကီ၏ စွပ်စွဲချက်မှာ ၀ါဒဖြန့်မှုသက်သက်သာ ဖြစ်သည်ဟု ငြင်းဆန်ခဲ့သည်။

တူရကီ ရေဒါစနစ်များမှာ လေယာဉ်တစ်စင်း၏ အမျိုးအစားနှင့် နိုင်ငံကို ခွဲခြားနိုင်စွမ်းရှိကြောင်းနှင့် ရုရှ (သို့မဟုတ်) အင်္ဂလိပ်ဘာသာစကားဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်းလည်း ခိုနက်ရှင်ကော့က ပြောကြားခဲ့သည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယခုချိုးဖောက်မှုမှာ ရုရှက နှစ်နိုင်ငံကြား ပြဿနာကို ကြီးထွားလာစေလိုသည့် ထင်ရှားသည့် လက္ခဏာဖြစ်သောကြောင့် သောကြာနေ့နှောင်းပိုင်းက ရုရှသံအမတ်ကို ဆင့်ခေါ်ခဲ့သည်ဟု ကြေညာချက်တွင် ပြောကြားခဲ့သည်။

“နေတိုးရဲ့ လေပိုင်နက်လည်းဖြစ်တဲ့ တူရကီလေပိုင်နက်ကို မချိုးဖောက်ဖို့ ရုရှဖက်ဒရေးရှင်းကို ပြတ်ပြတ်သားသား သတိပေးနေပါတယ်”ဟု ကြေညာချက်တွင် ပြောကြားထားသည်။

“ဒီလို တာဝန်မဲ့လုပ်ရပ်အတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် လာရင်လည်း ရုရှဖက်ဒရေးရှင်းနဲ့သာ သက်ဆိုင်ပါတယ်”ဟုလည်း တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်အပြီးတွင် တူရကီသမ္မတ တေးယစ် အာဒိုဂန်က ရုရှသမ္မတ ဗလာဒီမီယာ ပူတင်နှင့် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။

“မစ္စတာ ပူတင်ကို ပုဂိုလ်ရေးအရ တွေ့ဆုံချင်ပါတယ်လို့ ကျနော်ပြောထား ပေမယ့်လည်း အခုအထိတော့ အဖြေမရသေးပါဘူး” ဟု အာဒိုဂန်က လက်တင်အမေရိကသို့ အလည်အပတ်ခရီး မထွက်ခွာမီ လေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List