Monday, February 01, 2016

ကျွန်းအနီးသို့ စစ်သင်္ဘောခုတ်မောင်းမှု တရုတ်က အမေရိကန်ကို ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချ


ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အသုံးချရန်နှင့် တရုတ်၏ ပိုင်နက်ပြောဆိုမှုကို စိန်ခေါ်ရန်အတွက် အပူတပြင်းပြိုင်ဆိုင်နေသည့် တောင်တရုတ်ပင်လယ် အတွင်းရှိ ပေကျင်းက ထိန်းချုပ်ထားသော ကျွန်းတစ်ကျွန်းအနီးမှ အမေရိကန်စစ်သင်္ဘော တမင်တကာ ခုတ်မောင်း သွားပြီးနောက်တွင် တရုတ်က အမေရိကန်ပြည်ထောင်စုကို ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
ပရာဆယ်ကျွန်းများကို ပြိုင်ဘက်နိုင်ငံများက အလွန်အကျွံ ပိုင်ဆိုင်ကြောင်း ပြောဆိုချက်များကို စိန်ခေါ်ရန်အတွက် ဒုံးကျည်တပ်ဖျက်သင်္ဘော USS Curtis Wilbur မှာ ပရာဆယ်ကျွန်းတန်းအတွင်းရှိ တရစ်တန်ကျွန်းအနီး ရေမိုင် ၁၂မိုင်အတွင်းမှ ပြိုင်ဘက် သုံးနိုင်က ကြိုတင်သတိမထားမမိဘဲ ၀င်ရောက် ခုတ်မောင်းသွားခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ် မာ့ခ် ရိုက်က ၀ါရှင်တန်တွင် ပြောကြားခဲ့သည်။

တရုတ်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က ပရာဆယ်ကျွန်းတန်းများကို ပိုင်ဆိုင်သည်ဟု အပြိုင်ပြောဆိုနေခဲ့ကြရာ ၄င်းတို့က ပိုင်နက်ဟု ပြောဆိုထားသည့် ရေပြင်ကို ဖြတ်သန်းသွားမည့် သင်္ဘောများအနေဖြင့် ကြိုတင်အသိပေးရန် လိုအပ်မည်ဖြစ်သည်။ ယခုနောက်ဆုံးလုပ်ရပ်မှာ အငြင်းပွားဧရိယာအတွင်း လူလုပ်ကျွန်းများဆောက်၊ လေယာဉ်ပြေးလမ်း များ ဖောက်လုပ်နေသောကြောင့် အမေရိကန်၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေသည့် တရုတ်နိုင်ငံကို ရည်ရွယ် ပစ်မှတ်ထားခြင်းပင် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း တရုတ်က ကျွန်းတုများ တည်ဆောက် နေရာ ဆူဘီကျွန်းတန်းအနီးမှ အမေရိကန် စစ်သင်္ဘောတစ်စင်း ခုတ်မောင်း သွားခဲ့သည်။

မခုတ်မောင်းမီ ကြိုတင်အသိပေးရခြင်းမှာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြစ်သောကြောင့် နိုင်ငံတကာဥပဒေနှင့် မကိုက်ညီကြောင်းနှင့် အနာဂတ်တွင်လည်း အလားတူခုတ်မောင်းမှုများ ပုံမှန်ဖြစ်ပေါ်လိမ့်မည်ဖြစ်ကြောင်း ရိုက်က ပြောကြားခဲ့သည်။

တရုတ်ကလည်း လျင်မြန်စွာ တုန့်ပြန်ခဲ့သည်။ နိုင်ငံပိုင် ဆင်ဟွာသတင်း ဌာန၏ ပြောကြားချက်အရ အမေရိကန်၏ လုပ်ရပ်မှာ တရုတ်၏ ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်ပြီး၊ ရေပြင်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တည်ငြိမ်မှုကို ပျက်စီးစေသည့်အပြင် ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် မှုကိုလညး နှောင့်ယှက်ဖျက်စီးခြင်းပင်ဖြစ်သည်ဟု တရုတ်ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂိုလ် ယန်ယူကျွန်းက ပြောကြားခဲ့သည်။

ယန်၏ ပြောကြားချက်အရ ကျွန်းပေါ်မှ တရုတ်တပ်ဖွဲ့များ၊ ရေတပ်သင်္ဘော များနှင့် စစ်လေယာဉ်များက ချက်ချင်း တုန့်ပြန်အရေးယူခဲ့ကြကာ အမေရိကန်စစ်သင်္ဘောကို သတိပေး နှင်ထုတ်ခဲ့ကြသည်ဟု ဆိုသည်။

အမေရိကန်၏ လုပ်ရပ်မှာ နှစ်ဖက်စလုံးမှ တပ်ဖွဲ့များ၏ လုံခြုံရေးအတွက် တာဝန်မဲ့လွန်းပြီး အလွန်အန္တရာယ်ကြီးမားသည့် အကျိုးဆက်များကို ဖြစ်ပွားစေနိုင်ကြောင်း ယန်က ပြောကြားခဲ့သည်။ အမေရိကန်ဘက်မှ မည်သည့်ရန်စမှုမျိုးမဆို ပြုလုပ်လာပါက တရုတ်စစ်တပ်များက တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် လိုအပ်သည့် မည်သည့် အရေးယူမှုမျိုးကိုမဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယန်က ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်ဘက်မှ ထောက်လှမ်းပြီး အမေရိကန်စစ်သင်္ဘောကို အသံဖြင့် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ် ဟွာ ချွန်းယင်က ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List