မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရ တာကြောင့် ဥပဒေအရ ယခုရွေးကောက်ပွဲ သက်တမ်းတွင် ၎င်းအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ အလို အလျောက် ပယ်ဖျက်ခံရပြီး ဖြစ်တာကြောင့် ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြည်နယ် လွှတ်တော်နေရာ တွင် ၁ နေရာ ဆုံးရှုံးရမည် ဖြစ်ကြောင်း သိရပါတယ်။
"ဥပဒေအရ ကိုယ်စားလှယ်က ပြစ်ဒဏ်ချမှတ်ခံရတာ ရှိရင် သူက ယခု သက်တမ်းအတွက် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ခံရပါတယ်။ သူ့နေရာအတွက် အစားထိုးဖို့ အစီစဉ်တော့ မရှိပါဘူး။ အဲဒီနေရာကို လစ်လပ်အဖြစ် ထားမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီနေရာကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဦးလှအောင်ညွှန့်က လွဲရင် ဘယ်သူမဆိုပေါ့" လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ပြည်နယ် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က RiA ကို ပြောပါတယ်။
မင်းပြားမြို့နယ်အတွင်းမှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့် ဇန်နဝါရီ ၂၈ ရက်က မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်နှစ်ရပ်ပေါင်း ကျခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် မင်းပြားမြို့နယ်ရှိ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ တွင် ရခိုင် အမျိုးသားပါတီမှ ဦးလှအောင်ညွန့် နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဗိုလ်မှုးကြီး အငြိမ်းစား၊ နယ်စပ်ရေးရာညွန်ကြားရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစံရွှေအောင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဦးလှအောင်ညွန့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် နေရာ ၂၂ နေရာ အနိုင် ရရှိထားပြီး ယခု ၁ ဦး လစ်လပ်သွားတာကြောင့် ၂၁ နေရာ ကျန်ရှိတော့ပြီ ဖြစ်ပါတယ်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် ရခိုင်အမျိုးသားပါတီအနေနဲ့ အယူခံဝင် ထားကြောင်းလည်း သိရပါတယ်။
RiA
No comments:
Post a Comment