Tuesday, February 02, 2016

အစိုးရသစ်လက်ထက် နိုင်ငံရေးအကျဉ်းသား မရှိရေးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး သဘောထားပေါ် မူတည်ဟုဆို


အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသား မရှိရေးဆိုသည်ကို ဦးတည်၍ သွားမည်ဆိုသော်လည်း ယင်းကိစ္စသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး၏ သဘောထားပေါ်တွင် မူတည်နေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းအချို့က သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို ဒီကြားထဲမှာ လွှတ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းတာပေါ့။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်သေးတဲ့ အပေါ်မှာတော့ အတော်လေး စိတ်ပျက်စရာတွေ ရှိတာပေါ့ ။ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ အစိုးရက လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိတာ မဟုတ်ဘဲနဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ်တွယ် မယ်ဆိုရင် အခက်အခဲတွေ တချို့ ရှိနိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အမြင်ချင်း မတူလို့ပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP)မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရန်မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံးရေးကောင်စီ ပေါ်တွင်လည်း မူတည်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးညိုထွန်းက သုံးသပ်သည်။
“ခပ်ရှင်းရှင်း ပြောရရင် ပြတ်ပြတ်သားသား ပြောရရင် နာမည်ကောင်း လိုချင်တဲ့အစိုးရ ဦးသိန်းစိန်လက်ထက်ကလို သန့်ရှင်းတဲ့အစိုးရ မှန်ကန်တဲ့ အစိုးရ ဖြစ်စေချင်ရင်တော့ လွှတ်ပေးသင့်တာပေါ့။ အခု အမတ်တော်တော် များများက ထောင်ထွက်တွေပါတာ ကိုယ်ချင်းစာသင့်တာပေါ့ ။လွှတ်ပေးသင့် တာပေါ့ ။ လွှတ်ပေးမလား မလွှတ်ပေးဘူးလား ဆိုတာလည်း ခန့်မှန်းရခက် တယ်ပေါ့ဗျာ ။ ဘာတေးလင့်တနာ ပြောသလို သမ္မတရဲ့အထက်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မှာ ကာကွယ်ရေးဦးစီးချုပ် ရှိမယ်။ ကာလုံရဲ့ လက်ထဲမှာလည်း မူတည်တာပေါ့” ဟု ဦးညိုထွန်းက ပြောသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၂၉ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၈ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရား ရင်ဆိုင်နေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ အတွင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရသက်တမ်း ကုန်ဆုံးခါနီးက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၁၀၂ ဦးကို လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅၂ ဦးပါဝင်ခဲ့သည်။
သတင်း - ဇော်မင်းထွန်း
Photo -Tun Kyi FB
The Ladies News Journal


No comments:

Post a Comment

My Blog List