Friday, January 29, 2016

NLD မှ ကမ်းလှမ်းမှု ဦးအေးသာအောင် လက်ခံသည့်ကိစ္စ ပါတီ CEC အစည်းအဝေးမှ ဆုံးဖြတ်မည်ဟု ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော


“NLD ဘက်က ကျွန်တော်တို့ကို ချဉ်းကပ်မှုမရှိဘူး၊ သူတို့ပေးချင်တဲ့ ပုဂ္ဂိုလ်ကိုပေးသွားတာမျိုး လုပ်ချင်သလို လုပ်သွားတာမျိုးဖြစ်မှာကို ကျွန်တော်တို့ပါတီဘက်က စိုးရိမ်မိတယ်။ Compromise က အရေးကြီးတယ်။ NLD ဘက် က ပါတီကြီးတခုဖြစ်တဲ့အခါကျတော့လေ ကျွန်တော်တို့ တိုင်းရင်းသားပါတီများကို ချဉ်းကပ်သင့်တာပေါ့”
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာအတွက် NLD မှ ရွေးချယ်ထားခြင်း ခံရသော ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က နိုင်ငံရေးသမားတယောက်၏ခံယူချက်ဖြင့် လွှတ်တော်မှ တာဝန် တခုခုပေး အပ်လျှင် ငြင်းပယ်၍မရကြောင်း ပြောကြားပြီး ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ယင်းကိစ္စကို ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပမည့် ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေး၌ ဆုံးဖြတ်မည်ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး NLD မှ ကမ်းလှမ်းဆွေးနွေးလာခဲ့သည်ကို ၎င်းက ယခုကဲ့သို့ ပြောကြားသည်။

''ဦးဝင်းထိန်နဲ့တွေ့တယ်။ ဦးဝင်းထိန်က ပြောပါတယ်။ ခင်ဗျားတို့ပါတီမှာ ဒီလို သဘောထားရှိတယ်။ ဒီလို ဆုံးဖြတ်ထားတယ်။ ခင်ဗျားအနေနဲ့ ဘယ်လိုလဲမေးတော့ ကျွန်တော်က ဒါက လွှတ်တော်ဥပဒေ၊ နည်းဥပဒေဆို တာရှိတယ်။ ခင်ဗျားတို့ ပါတီက ရည်ရွယ်ထားပေမယ့် လွှတ်တော်ရောက်တဲ့ အခါမှာ နည်းဥပဒေအရ အဆိုပြု မဲခွဲတာတွေ လုပ်ရမယ်။ မဲများတဲ့လူက ဒီနေရာကိုပေးမှာပါ။ အဲဒီလို လုပ်ထုံးလုပ်နည်းရှိတယ်။ လွှတ်တော်ကျမှ အတည်ဖြစ်မှာပါ။ ကျွန်တော်က နိုင်ငံရေးလုပ်ခဲ့တာ နိုင်ငံရေးသမားခံယူ ချက်နဲ့ လွှတ်တော်က တာဝန် တခုခုပေးရင် ငြင်းလို့မရပါဘူး''ဟု ဦးအေးသာ အောင်က ဆိုသည်။

ဦးအေးသာအောင်အား NLD ခေါင်းဆောင်များက ထိုသို့ရွေးချယ် တာဝန် ပေးအပ်လိုက်ခြင်းကို မိမိတို့ပါတီအား အသိပေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း မရှိသောကြောင့် ရခိုင်အမျိုးသားပါတီ (ANP) ဘက်က စိုးရိမ်ကြောင်း၊ ညှိနှိုင်း မှုသည် အရေးကြီးပြီး NLD ဘက်မှ ပါတီကြီးတခု ဖြစ်သည့် အလျောက် တိုင်းရင်းသားပါတီများကို ချဉ်းကပ်သင့် ကြောင်း ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

''ကျွန်တော်တို့ အစည်းအဝေးလုပ်ရဦးမယ်။ NLD ဘက်က ကျွန်တော်တို့ကို ချဉ်းကပ်မှုမရှိဘူး၊ သူတို့ပေးချင်တဲ့ ပုဂ္ဂိုလ်ကိုပေးသွားတာမျိုး လုပ်ချင်သလို လုပ်သွားတာမျိုးဖြစ်မှာကို ကျွန်တော်တို့ပါတီဘက်က စိုးရိမ်မိတယ်။ Compromise က အရေးကြီးတယ်။ NLD ဘက် က ပါတီကြီးတခုဖြစ်တဲ့အခါ ကျတော့လေ ကျွန်တော်တို့ တိုင်းရင်းသားပါတီများကို ချဉ်းကပ်သင့်တာပေါ့။ လူကြီးမင်းတို့ ပါတီဘက်က ပုဂ္ဂိုလ်ကို ဒီလိုမျိုး စီစဉ်ထားပါ တယ်။ သဘော ထားကိုပေးပါဆိုရင် ကျွန်တော်တို့က CEC အစည်းအဝေးလုပ်မယ်။ ကျွန်တော်တို့ဘက်က လက်ခံတယ်။ လက်မခံဘူးဆိုတာ ပါတီရဲ့ရပ်တည် ချက်ကို တင်ပြပေးမှာပေါ့''ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဇန်န၀ါရီ ၁၉ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ANP ပါတီအနေဖြင့် ပါတီ၏ရပ်တည်ချက်ကို ပြတ်ပြတ် သားသားအသိပေးထားပြီးဖြစ်ကြောင်း ၎င်းတို့၏ မဟာဗျူဟာ ရည်မှန်းချက်သည် ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်း ရေးပင်ဖြစ်ကာ ထိုအစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ NLD မှ ရေငုံနုတ်ပိတ် နေပြီး ပြည်ထောင်စုအဆင့်တွင် ပေးသမျှသာယူခဲ့လျှင် မိမိတို့၏ မဟာ ဗျူဟာ ပျက်သုဉ်းသွားမည်ဖြစ်ကြောင်း ပါတီပြိုကွဲသွားနိုင်ကြောင်း၊ တိုင်းရင်းသားပါတီတည်ရှိဖို့ တိုင်းရင်းသားအသံ လွှတ်တော်တွင်ရှိဖို့ လက်ရှိဖွဲ့စည်းပုံထဲမှပင် လုပ်ခွင့်ပေး သင့်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင် ခြင်းသည် ရခိုင်ပြည်နယ် အစိုးရတည်ဆောက်ရေးနှင့်ပတ်သက်၍ မျက်ကွယ်ပြုပြီးမှ ပြည်ထောင်စုတည်ဆောက်ရေး ပေးသမျှကျွေးသမျှနှင့် ဆောင်ရွက်သွားလျှင် ဦးတည်ချက်သည် ANP ပါတီ ပြိုကွဲသွားနိုင်ပြီး ထိုကိစ္စ လက်ခံသင့်၊ မခံသင့်ကို ဖေဖော်ဝါရီ ၆ ရက်တွင် CEC အစည်းအဝေး က ၎င်းတို့၏ရပ်တည်ချက် သုံးသပ်ဆုံးဖြတ်ချက်များကို ကြေညာချက်ထုတ်ပြန် ရန် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထိုအခါမှသာ ဦးအေးသာအောင် ကိစ္စကို အတိအကျ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်ပြောဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List