Tuesday, January 26, 2016

ထိုင်းကမ်းခြေမှ သတ္တု အစိတ်အပိုင်း MH370မှ ဟုတ်မဟုတ် စစ်ဆေးနေ


ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အပျက်အစီး အစိတ်အပိုင်း အချို့သည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှ ဟုတ်မဟုတ် ကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း သိရသည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်က ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီး လေယာဉ်၏ ကံကြမ္မာကို ယနေ့တိုင် တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။ ယခုတွေ့ရှိသည့် အစိတ်အပိုင်းများသည် အဆိုပါ Boeing 777 လေယာဉ်မှ ဟုတ်မဟုတ်ကို ထိုင်းနှင့် မလေးရှား တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က နက်ခွန်း ဆီသမ်မာရတ် ဒေသရှိ ကမ်းခြေတွင် သတ္တုအခုံး အစိတ်အပိုင်းကြီးတစ်ခု မျောပါ ကမ်းတင်နေပြီးနောက် ဒေသခံ ရွာသားများက အာဏာပိုင်များထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ Reuters သတင်းဌာနကမူ ယင်းသည် Boeing 777 လေယာဉ် တစ်စီး၏ အစိတ်အပိုင်း ဖြစ်ဟန် မတူကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။

“တစ်ခုခုဆိုရင် လွန်လွန်ကဲကဲ ထင်ကြေးပေး ခန့်မှန်းတာမျိုးတွေ မလုပ်ဖို့ မီဒီယာတွေကိုရော၊ ပြည်သူတွေကိုပါ ကျွန်တော် တိုက်တွန်းလိုပါတယ်။ ဒါဟာ MH370 ဖြစ်ရပ်မှာ ကိုယ်ချစ်ခင်သူတွေကို ဆုံးရှုံးလိုက်ရတဲ့ သူတွေအတွက် ဖိအားတွေ ပိုများလာစေနိုင်တာကြောင့်ပါ”ဟု မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး လီယော်တွန်လိုင်က ပြောကြားခဲ့သည်။

မလေးရှား လေကြောင်းပျံသန်းမှု ကျွမ်းကျင်ပညာရှင် ဂယ်ရီ ဆိုဂျာမန်ကမူ ယခုပစ္စည်းသည် MH370နှင့် ဆက်စပ်မှု ရှိနိုင်မည် မထင်ကြောင်း ဆိုသည်။ အခြား ကျွမ်းကျင်သူများကလည်း ယခုအပျက်အစီး တွေ့ရှိသည့်နေရာသည် ဇူလိုင်လ အတွင်းက MH370 အစိတ်အပိုင်းတစ်ခု လာရောက် ကမ်းတင်နေရာ ရီယူနီယံကျွန်းနှင့် တည်နေရာ အလွန်ခြားနားနေသည့် အချက်ကို ထောက်ပြခဲ့ကြသည်။

Ref: People
7Day News Journal

No comments:

Post a Comment

My Blog List