Thursday, January 28, 2016

လွှတ်တော် ထိပ်တန်းရာထူး ရယူမည့်သူမှာ မူးယစ်ဆေးဝါးနှင့် နာမည်ထွက်ဖူးသူ မဖြစ်သင့်ဟု ရှမ်းပြည်နယ်မှ အင်အားစုအချို့ဆို


လွှတ်တော် ထိပ်တန်းရာထူး ရယူမည့်သူမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နာမည်ထွက်ဖူးသူ မဖြစ်သင့်ကြောင်း ရှမ်းပြည်နယ်အရေး ကျွမ်းကျင်သူများ အပါအ၀င် ပြည်နယ်အတွင်းမှ တိုင်းရင်းသား အင်အားစုအချို့က ဆိုသည်။

ရွေးကောက်ခံ လွှတ်တော်အမတ်များ လွှတ်တော် တက်ရောက်ရမည့် အချိန်နီးကပ်လာချိန်တွင် လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ ရာထူးများကို လွှတ်တော်စသည့် ပထမအပတ် အတွင်းတွင်ပင် ရွေးချယ်ရမည်ဖြစ်ရာ လွှတ်တော် ထိပ်တန်းရာထူး ရယူနိုင်သူများ စာရင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၊ ထုတ်လုပ်မှုနှင့် ပတ်သက်သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြခြင်း ခံခဲ့ရဖူးသူ တစ်ဦးမှာ ရာထူးရယူနိုင်ရန် လျာထားစာရင်းတွင် ပါဝင်နေသည်ဟု လေ့လာသူများက ဆိုသည်။

လေ့လာသူများ ထောက်ပြသည့်သူမှာ မကြာသေးခင်က အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနသို့ ပြောဆိုခဲ့သည့် လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ လျာထား ၄ ဦးစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။

‘အဲဒီ ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း လွှတ်တော် ကိုယ်စားလှယ်က သူက အင်မတန်မှ ဆက်ဆံရေးကောင်းတယ် ။ ရင်းနှီးဖော်ရွေတယ်။ သူကိုယ်တိုင် ကတော့ ပါဝင်ပတ်သက်ပုံ မရဘူး။ သို့သော်လည်းပဲ သူ့အဖွဲ့က လူတွေက ပါဝင်ပတ်သက်တဲ့ အခါကျတော့ သူက ငါနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောလို့ မရဘူး။ သူ့အဖွဲ့က လူတွေက လုပ်တယ်ဆိုတာ သိနေတာကိုး ။ သူ့ရဲ့ လက်ထောက် ခေါင်းဆောင်ပါနေတာကိုး။ သူက လုံးဝ ကင်းရှင်းတယ် ဆိုတာကို ပြောလို့မရဘူး” ဟု မူးယစ်ဆေးဝါးအရေး လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးခွန်ဆိုင်းက ပြောသည်။

ဦးခွန်ဆိုင်းအနေဖြင့် ရှမ်းပြည်နယ်အတွင်း မူးယစ်စောင့်ကြည့် လေ့လာရေးအဖွဲ့ Drug Watch ကို ထူထောင်ထားပြီး ရှမ်းရေးရာ ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်ကာ ယခင် ဘိန်းဘုရင်ဟု နာမည်ကျော်ခဲ့သည့် ဦးခွန်ဆာ၏ Mong Tai Army အဖွဲ့တွင်လည်း အကြံပေးအဖြစ် ဆောင်ရွက်ဖူးသူ ဖြစ်သည်။

၂၀၁၁ ခုနစ်တွင် ဖော်ပြခဲ့သည့် The Nation သတင်းစာ၏ သတင်းဆောင်းပါး ဖော်ပြချက်တစ်ရပ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ပတ်သက်နေပြီး ၄င်းအဖွဲ့များ၏ ခေါင်းဆောင်များ အပါအ၀င် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဖူးသူ အချို့မှာ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာခဲ့သည်ဟု ဖော်ပြထားသည်။

‘အခု လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရဖို့ ရေပန်းစားနေတဲ့သူ တစ်ယောက်နဲ့ ပတ်သက်ရင် ကွတ်ခိုင်နယ်ထဲမှာရှိတဲ့ လူတွေကို မေးလိုက်ရင်ပဲ သူ့ရဲ့လက်ထောက် ဟိုတစ်ယောက်ပါတယ်။ ဒီတစ်ယောက် မူးယစ်ဆေးဝါး ကိစ္စမှာ ပါတယ်ဆိုပြီး ပြောနေတာပဲ။ အဲဒီတော့ ငါမပါဘူးလို့ ပြောဖို့ ခက်တယ်။ အဲဒါတော့ ပြောဖို့လိုတယ်။ ကျွန်တော့်ကိုလည်း အရင်တုန်းက တရားပြန်စွဲမယ်ဆိုတဲ့ အခြေအနေ ရှိတယ်။ ကျန်တော်မပါဘဲ ကျွန်တော့်ကို နာမည်ဖျက်တယ် ပေါ့လေ။ ကိုယ်တို့ရဲ့ သတင်းပေးတွေကလည်း သူကိုယ်တိုင် လုပ်တာတော့ မတွေ့ဘူး။ သို့သော် သူ့လူတွေ လုပ်တာတော့ တွေ့တယ်ဆိုတဲ့ သဘောပြောတယ်” ဟု ဦးခွန်ဆိုင်းက မှတ်ချက်ပြု ပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA / PSLF မှ ပြောခွင့်ရ တာအိုက်ကျော်ကမူ “ဒီ ရှမ်းမြောက်တဏ်ကျောမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပြည်သူ့စစ် အဖွဲ့တွေရှိတယ်။ အဲဒီပြည်သူ့စစ်တွေနဲ့ ဆက်နွှယ်ပြီး မူးယစ်ဆေးဝါး လုပ်နေတာတွေ ရှိတယ်။ ဒါက ရာဇ၀င်ပေါ့နော်။ သေချာတာကတော့ ရှမ်းမြောက်ဘက် ပြည်သူတွေ ကတော့ အဲဒီလို ပြည်သူ့စစ်ခေါင်းဆောင်က လွှတ်တော် ထိပ်တန်းရာထူးရယူခဲ့ရင် ကြည်ညိုမှုတော့ နည်းမှာပေါ့နော်။ ဒါပေမဲ့ သူရှေ့လျှောက် ဘယ်လိုသွားမယ်လို့ ပြောလို့ မရဘူး။ ကောင်းမယ် ဆိုးမယ်ကတော့ ပြောရခက်တယ်။ ပြန်ကြည့်မယ်ဆိုရင် ဒီဘက်မှာဆိုရင် မူးယစ်ဆေးနဲ့ ပြည်သူ့စစ်က မကင်းဘူး။ ပြည်သူတွေကတော့ ယုံကြည်စိတ် ရှိချင်မှရှိမယ်။ အဲဒီလိုထိပ်တန်း နေရာရောက်လို့ အပြန်အလှန် ထိန်းကျောင်းသွားရင်တော့ ဘယ်လို လာမလဲတော့ မသိဘူး” ဟု မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည့် ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း တစ်ဦး လွှတ်တော် ထိပ်တန်းရာထူး ရယူနိုင်ရန် ရေပန်းစားနေသည့်အပေါ် မှတ်ချက်ပြု ပြောဆိုသည်။

The Ladies News Journal


No comments:

Post a Comment

My Blog List