Thursday, January 28, 2016

သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ညီလာခံ ဖြစ်သင့်ကြောင်း ဦးနိုင်ဟံသာ ပြောကြား


လာမယ့် အစိုးရသစ်လက်ထက်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံဟာ သုံးပွင့်ဆိုင်ပုံစံမျိုး ဖြစ်သင့်ကြောင်းနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ရေးအတွက် တောင်းဆိုသွားမှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာက ပြောပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ၃ ခုပေါင်းကို တစ်ပွင့်တည်းအဖြစ် သတ်မှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ကလည်း တစ်ပွင့်စီအဖြစ် သတ်မှတ်မှသာ မျှတမှုရှိမယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

"ကျနော်တို့လိုချင်တဲ့ သုံးပွင့်ဆိုင်ကတော့ အစိုးရရယ် လွှတ်တော်ရယ် တပ်မတော်ရယ်က တစ်ပွင့်၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က တစ်ပွင့်၊ နိုင်ငံရေးပါတီတွေက တစ်ပွင့် အဲ့လိုသုံးပွင့်ဆိုင်၊ အရင်က ကျနော်တို့ပြောဘူးတယ်၊ ဒီကိစ္စကို ပြန်ပြန်လှန်လှန် ဆွေးနွေးခဲ့ဘူးတယ် လေ၊ အရေအတွက်ကတော့ အတူတူယူရမှာပေါ့ဗျာ၊ ၁ဝဝ စီပဲထည့်ထည့်၊ ၁၅ဝ စီပဲထည့်ထည့်ပေါ့ဗျာ ဒါပြဿနာမဟုတ်ဘူး"

လက်ရှိအစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရက ကိုယ်စားလှယ် ၁၅၀၊ တပ်မတော်က ၁၅၀၊ လွှတ်တော်က ၁၅၀၊ နိုင်ငံရေး ပါတီတွေက ၁၅၀ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၁၅၀ ဆိုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ရှေ့လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်လာနိုင်ဖို့ကိုလည်း တပ်မတော်က သဘောထားကြီးပေးဖို့ လိုအပ်ကြောင်းလည်း ဦးနိုင်ဟံသာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့တွေအားလုံးကလည်း ငြိမ်းချမ်းရေးညီလာခံတက်မယ်ဆိုရင် အရင်ဆုံး လက်မှတ်ထိုးရမယ်ဆို တာကို လက်ခံကြောင်းလည်း ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေက ကိုယ်စားလှယ် စုစုပေါင်း ၇၅၀ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

RFA

No comments:

Post a Comment

My Blog List