Wednesday, January 27, 2016

လွှတ်တော်တွင်းရော၊ ပြင်ပမှာပါ ပြည်သူ့အကျိုးသယ်ပိုးဖို့ အနိုင်ရအမတ်များကို ဦးဌေးဦးညွှန်ကြား


ပြည်သူလူထုအကျိုးစီးပွားအတွက် လွှတ်တော်အတွင်းသာမက လွှတ်တော် ပြင်ပမှာပါ ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များကို ပါတီ၏ ပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ညွှန်ကြားလိုက်သည်။
လာမည့် ဖေဖော်ဝါရီ ၁ရက်တွင်စတင်မည့် ဒုတိယအကြိမ်လွှတ်တော်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် အနိုင်ရအမတ်များအား ဇန်နဝါရီ ၂၅ရက်က ပါတီဌာနချုပ်တွင် ကြိုဆို၊ မိတ်ဆက်တွေ့ဆုံပွဲပြုလုပ်စဉ် ဦးဌေးဦးက ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

"ပြည်သူများအကျိုးအတွက် လွှတ်တော်အတွင်းသာမက လွှတ်တော်ပြင်ပ တွင်ပါ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ၊ ပါတီဝင်များနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်" ဟု အနိုင်ရပါတီဝင် အမတ်များကို ဦးဌေးဦးက အဖွင့်အမှားစကားပြောခဲ့ကြောင်း ပါတီ၏ တရားဝင်ဝက်ဆိုက်ဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့လွှတ်တော်တွင် ၃၀ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၁ဦး အနိုင်ရရှိထားသည်။

မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီ၏ ပူးတွဲဥက္ကဌ ဦးဌေးဦးအပါအဝင် အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအကြံပေး ဦးသိန်းဆွေနှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကြိုဆို၊ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားတွင် ဦးဌေးဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် "လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီမှ နိုင်ငံတော်နှင့် ပြည်သူများအတွက် ဦးတည်ချမှတ်ထားသော ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များအား သက်ဝင်ယုံကြည်ကြသည့်အတွက် ပါတီဝင်အဖြစ် ခံယူထားကြသူများ ဖြစ်ကြပြီး မဲဆန္ဒနယ်မြေအလိုက် ပြည်သူများကလည်း မိမိတို့နယ်မြေနှင့် နယ်မြေလူထုအကျိုးအတွက် ဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်မှန်းကာ ရွေးချယ်ထားကြသူများ ဖြစ်ကြပါကြောင်း"

"စဉ်ဆက်မပြတ် ဆောင်ရွက်ကြရသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားရေး၊ ဘဝမြင့်မားတိုးတက်ရေးတို့အတွက် စနစ်သစ်ပြောင်းလဲကျင့်သုံးရန် ပြင်ဆင်သည့်ကာလ၊ ပါတီစုံဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ပြောင်းလဲကျင့်သုံးသည့်ကာလ၊ ပါတီစုံဒီမိုကရေစီ ရှင်သန်ခိုင်မာပြီး ငြိမ်းချမ်းသာယာစွာဖြင့် လူမှုစီးပွားရေးဘဝ မြင့်မားတိုး တက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သောကာလများတွင် အခြေ အနေပေးသည့်အတိုင်း ပါဝင်ဆောင်ရွက်ကြသူများ ဖြစ်ကြပါကြောင်း" ဦးဌေးဦးက ပြောဆိုခဲ့သည်ဟုလည်း ပါတီ၏ ဝက်ဆိုက်ဒ်စာမျက်နှာတွင် ဖော်ပြထားသေးသည်။

လက်ရှိ လွှတ်တော်သက်တမ်းသည် ဇန်နဝါရီ ၂၉ရက်တွင် ကုန်ဆုံးမည် ဖြစ်ပြီး လွှတ်တော်သစ်မစခင် ဇန်နဝါရီ ၂၇ရက်ကစပြီး အမတ်အသစ်များ အနေဖြင့် လွှတ်တော်တွင် လာရောက်လေ့လာကြရန် လွှတ်တော်ရုံးများက အကြောင်းကြားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List