Friday, January 29, 2016

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ရှင်းလင်းနိုင် ၊ ခွေးဟောင်တိုင်း ထကြည့်စရာမလိုဟု ဦးတီခွန်မြတ် တုံ့ပြန်


ဒုတိယအကြိမ်လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မည့် ပြည်ခိုင်ဖြိုး ပါတီဝင် ဦးတီခွန်မြတ်သည် ၎င်းအပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဝေဖန်နေမှုများကို အထောက် အထားရှိလျှင် တရားဝင် တင်ပြနိုင်သည်ဟု ဇန်န၀ါရီ ၂၈ ရက်က သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် တုံ့ပြန်ပြောဆို လိုက်သည်။
“အဲ့ဒါကတော့ အထောက်အထားရှိရင် တရားဝင် သူတို့တင်လို့ ရပါတယ် ။ ကိုယ်က တပ်မတော်နဲ့ ပူးတွဲပြီး မှ နယ်မြေလုံခြုံရေး ၊ လူထုလုံခြုံရေးကို ဆောင်ရွက်နေခဲ့တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ် ။ ကိုယ်က လိုက်တိုက်တဲ့ အဖွဲ့ပဲဖြစ်ပါတယ် ။ ပြန်လှန်ပြီး မပြောချင်လို့ ကိုယ်တိုက်တဲ့ စက်ရုံတွေ မနည်းပါဘူး ။ အဲ့ဒီလို လုပ်ခဲ့တယ်ဆိုရင် ဌာနကရော အစိုးရဖက်မှာရော ဘယ်သူက လက်ခံမတုံး။ မလိုလားအပ်လို့ ဒါအမျိုးမျိုး ကွာတာပဲရှိပါတယ်။ ခွေးဟောင်တိုင်း ကြည့်လို့မရဘူး ။ အထောက်အထားနဲ့ သူတို့တင်ပါ။ ကြီးကြီးမားမား တိုက်တယ်ဆိုလို့ အန်ကယ် ကိုယ်တိုင် ဦးဆောင်တယ် ။ ကျန်တဲ့အဖွဲ့တွေလည်း သက်ရှိ ထင်ရှား ရှိနေတုန်းပဲ” ဟု ဦးတီခွန်မြတ်က ပြောသည်။

ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည့် ဦးတီခွန်မြတ် သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲက ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ကာ ဥပဒေကြမ်း ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ဦးတီခွန်မြတ် ၏ ကိုယ်ရေးအကျဉ်းကို လွှတ်တော်က ဖော်ပြရာတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ ရှေ့နေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူး အဖြစ် တွဲဖက်ထားပြီး ၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တွင်လည်း ပါဝင်ခဲ့သူအဖြစ် ဖော်ပြထားပြီး ပြည်ခိုင်ဖြိုးပါတီ ကွတ်ခိုင်မြို့နယ် အတွင်းရေးမှူး ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် အလုပ်အမှုဆောင် တာဝန်များ ထမ်းဆောင်နေသည်ဟု ဖော်ပြထားသည်။

ဧရာဝတီသတင်းဌာနက ၎င်းတို့၏ကွင်းဆင်း လေ့လာချက်အရ ဦးတီခွန်မြတ် ထိန်းချုပ်ခွင့်ရသည့် နယ်မြေအတွင်းတွင် ကိုယ်ပိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ်ဖြန့်ဖြူးမှု၊ အခွန်အခ ကောက်ယူပြီး ဘိန်းစိုက်ပျိုးခွင့်ပြုမှု ဘိန်းဖြူ၊ ဘိန်းမဲ အပါအဝင် တခြား မူးယစ်ဆေးဝါ များကို လက်သိပ်ထိုး ရောင်းချ ခွင့်ပြု မှုများတွင် အဓိက ပါဝင် ပတ်သက်နေသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာ သတင်းမီဒီယာ အချို့တွင်လည်း ၂၀၁၀ ရွေးကောက် ပွဲအပြီး လွှတ်တ်ေအတွင်း ရောက်လာသည့် ပြည်သူ့စစ် ခေါင်းဆောင်များ ဖြစ်သည့် ပန်ဆေးဦးကျော်မြင့် ၊ ဦးတီခွန်မြတ် စသူတို့မှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုနှင့် ပတ်သက်သည်ဟု ဖော်ပြခဲ့ဖူးပြီး ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် ဦးခွန်ဆိုင်း ကလည်း ဦးတီခွန်မြတ်၏ လက်ထောက် အပါအ၀င် တာဝန်ရှိသူများမှာ မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ကိုင်သည်ဟု သတင်းမီဒီယာများကို ပြောဆို ထားသည်။

“မူဆယ်မှာ ဦးတီခွန်မြတ်ရဲ့ တပ်ဖွဲ့ပိုင်တဲ့ ဘိန်းခန်းရှိနေတာ ဘယ်လိုလုပ် မလဲ ။ သူနဲ့ မပတ်သက်ဘူးလား အဲဒီနေရာကလေ ” ဟု မူဆယ်မြို့တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက မေးခွန်းထုတ်သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List