Thursday, January 28, 2016

မြန်မာ့အနာဂတ်ကိုပုံဖော်မည့် ဇန်န၀ါရီ၂၅ရက် တွေ့ဆုံပွဲ


လွှတ်တော်သစ်ခေါ်ရန် ခြောက်ရက်အလို အစိုးရသစ်တက်လာရန် နှစ်လခန့်အလို ဇန်နဝါရီ ၂၅ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရသစ်ဖွဲ့ စည်းရေးအတွက် ဒုတိယအကြိမ်သီးခြားတွေ့ဆုံခဲ့သည်။
နှစ်နာရီကြာမြင့်သော အဆိုပါတွေ့ဆုံမှုတွင် ရွေးကောက်ပွဲလွန်ကာလ အသွင်ကူးပြောင်းရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လွှတ်တော်နှင့် ပတ်သက် သောကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန်ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ယမန်နှစ် ဒီဇင်ဘာ ၂၇ ရက်က ပထမအကြိမ်သီးသန့်တွေ့ဆုံခဲ့သည်။ ထို့ကြောင့် ပထမတွေ့ဆုံမှုအပြီး ၅၄ ရက်အကြာတွင် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်တွေ့ဆုံမှုတွင်နေရာထိုင်ခင်းပြင်ဆင်ထားမှုက ယခင်တွေ့ဆုံ မှုနှင့် ခြားနားနေသည်။ ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အဖွဲ့နှစ်ဖွဲ့သည် မျက်နှာချင်းဆိုင် နေရာယူထားပြီး ဆွေးနွေးနေမှုပုံစံများကလည်း ယခင်တစ်ကြိမ်ကထက် ရင်းနှီးမှုရှိခဲ့ကြောင်းတွေ့ဆုံနေစဉ်နှင့် တွေ့ဆုံမှုအပြီး ဓာတ်ပုံများက ဖော်ပြနေသည်။ ထို့အပြင်သတင်းထုတ်ပြန်ရာတွင်လည်း ယခင်တစ်ကြိမ် ကကဲ့သို့ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ် ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူကြောင်း ယေဘုယျဆန်သည့် ထုတ်ပြန်ချက်မျိုးမဟုတ်ပေ။

ပြည်သူလူထုစိတ်ဝင်စားစွာ စောင့်စားနေသည့် ရွေးကောက်ပွဲလွန်ကာလ အကူးအပြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊ အစိုးရဖွဲ့စည်းရေး၊ လွှတ်တော် ခေါ်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း တိကျရေရာသည့်ထုတ်ပြန်ချက် မျိုးကို ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နှစ်ဖက်တွေ့ဆုံမှုတွင်လူစာရင်းကိုကြည့်ပါကလည်း တပ်မတော် ဘက်မှအရေးပါသည့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အားလုံးပါဝင်ပြီး ဒီချုပ်ဘက်တွင်လည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အရေးပါသည့် ပါတီထိပ်တန်း ခေါင်းဆောင်များပါဝင်ခဲ့သည်။ ထူးခြားချက် မှာ အစိုးရဖွဲ့စည်းရေးအတွက် တွေ့ဆုံသည့် ယခုဆွေးနွေးပွဲသို့ ဒီချုပ်သမ္မတ လောင်းဖြစ်နိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော ဒီချုပ်ပါတီဝင်မဟုတ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပါဝင်လာသည်ကိုတွေ့ရသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ ပါဝင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ ပါယင်ခဲ့သည်။

ရွေးကောက်ပွဲအပြီး ဒီဇင်ဘာ၂ ရက်က သမ္မတ၊ တပ်ချုပ်တို့နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်း စုကြည်က ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်တစ်ဦးတည်းကိုသာ ခေါ်ဆောင်သွားခဲ့သည်။ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပါတီမှရွေးချယ်ထားသူဖြစ်ကြောင်း ခိုင်လုံသော သတင်းများအရ သိရသည်။

ယခုတွေ့ဆုံမှုတွင် ပါယင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သည့် ဦးဝင်းမြင့်က တပ်မတော်မှ ထုတ်ပြန်ထားချက်အတိုင်းသာဖြစ်ကြောင်းနှင့် တွေ့ဆုံမှုအပေါ် ကျေနပ်မှုရှိကြောင်း ပြောကြားသည်။ ထို့အပြင် ဒေါက်တာ တင်မျိုးဝင်းကို တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့်အပေါ် ၎င်းက ‘‘ဒါက (ဒေါက်တာတင်မျိုးဝင်း) နဂိုကတည်းက တပ်ချုပ်နဲ့တွေ့တဲ့အခါမှာထည့်ဖို့ ရွေးထားတဲ့စာရင်းထဲမှာ ကျွန်တော်တို့နဲ့အတူပါပါတယ်။ ဒါက တပ်ချုပ်နဲ့ တွေ့တာပါပဲ။ ဒီတွေ့ဆုံမှုအပေါ်မှာ ကျွန်တော်တို့ ကျေနပ်မှုရှိပါတယ်။ ဘာမှထပ်ပြီး ပြောစရာမရှိပါဘူး’’ဟု ပြောကြားသည်။

အလားတူ တပ်မတော်ဘက်မှ အစည်းအဝေးတက်ရောက်သူများတွင်လည်း တပ်မတော်မှ ဒုတိယသမ္မတဖြစ်နိုင်သူဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ ပြောနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းလည်း ပါဝင်သည်။

ဒီချုပ်အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အများစု တက်ရောက်ကြမည့် လွှတ်တော်အစည်းအဝေးများမစမီ တစ်ပတ်ခန့်အလိုတွင် ပြုလုပ်သည့် ယခုတွေ့ဆုံမှုသည် တပ်မတော်နှင့် အနိုင်ရပါတီခေါင်းဆောင်တို့အကြား အရေးပါသည့် တွေ့ဆုံမှုတစ်ခုဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းတို့က သုံးသပ်ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ဒုတိယအကြိမ်လွှတ်တော်သစ်များ ခေါ်ယူကျင်းပ တော့မည်ဖြစ်ပြီး ယင်းလွှတ်တော်သစ်၌ သမ္မတ၊ ဒုသမ္မတနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကဲ့သို့ အရေးပါသော နိုင်ငံရေးအကြီးအကဲရာထူးများကို အဆိုပြုခြင်း၊ ရွေးချယ်ခန့်အပ်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။ ထို့ကြောင့် တပ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယခုတွေ့ဆုံမှုမှာ အဆိုပါရာထူးနေရာရွေးချယ်ခြင်းများအတွက် ကြိုတင် ညှိနှိုင်းခြင်းနှင့် လာမည့်အစိုးရသစ်ဖွဲ့စည်းရေးတို့အတွက် တပ်မတော်နှင့် လက်တွဲလုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးဖွယ်ရှိကြောင်း စစ်ဘက်နှင့်အရပ်ဘက်အသိုင်းအ၀ိုင်းက ပြောသည်။

နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက တပ်ချုပ်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ အဓိကဆွေးနွေးချက်ထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တပ်နှင့်ဒီချုပ်အစိုးရပူးပေါင်းဆောင်ရွက်ရေးနှင့် လာမည့်အစိုးရအဖွဲ့တွင် တပ်မတော်က ဝန်ကြီးသုံးဦးထက် ပိုမိုပါဝင်နိုင်ခြေတို့ ဆွေးနွေးနိုင်ကြောင်း ခန့်မှန်းပြောကြားသည်။

‘‘ဒေါ်စုအနေနဲ့ တပ်မတော်ကို သူဖွဲ့စည်းတဲ့ အစိုးရအဖွဲ့မှာ ပိုမိုနေရာပေးပြီး ယုံကြည်မှုတည်ဆောက်ဖို့၊ ရင်ကြားစေ့ရေးလုပ်ဖို့ ပြင်ဆင်လာနိုင်လို့ပါ’’ဟု တပ်ဘက်မှ ၀န်ကြီးသုံးဦးထက် ပိုမိုပါဝင်နိုင်ခြေရှိကြောင်း ယူဆချက်အပေါ် ၎င်းက ပြောကြားသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်မှ အမည်စာရင်းတင်သွင်း ခွင့်ရှိသည့် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့်ပြည်ထဲရေးဝန်ကြီးသုံးဦးအပြင် အစိုးရအဖွဲ့အတွင်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့်နေရာမျိုးကဲ့သို့ အရေး ပါသည့်ဝန်ကြီးနေရာနှစ်ဦးခန့် တပ်မတော်က ဆုံးဖြတ်ခန့်ထားပေးရန် ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သည့် ဆောင်းပါးများရေးသားသူ ဦးကျော်လင်းဦးက ပြောသည်။

‘‘တပ်က ခန့်နိုင်တဲ့ ဝန်ကြီးသုံးယောက်အပြင် ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့နေရာမျိုး အရင်ဝန်ကြီး ဦးအောင်မင်းလို နေရာမျိုးမှာ တပ်ကအငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဦးကို ခန့်အပ်ဖို့ရှိနေတယ်လို့ သိရတယ်။ ဒီအတွက် ဆွေးနွေးမှုတွေလည်း ရှိကောင်းရှိနိုင်တယ်။ မြန်မာပြည်အနာဂတ်က တပ်ချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်တွေနဲ့ ဒီချုပ်ခေါင်းဆောင်တို့ ဆက်ပြီးပုံဖော်ရမယ့်သဘောရှိနေတယ်’’ဟု ၎င်းက ပြောသည်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် ယုံကြည်မှု တည်ဆောက်နေချိန်ဖြစ်၍ ယနေ့တွေ့ဆုံမှုမှာ ရလဒ်ကောင်းထွက်မည် ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးက ပြောသည်။

‘‘အဓိကကတော့ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးကောင်းထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်နေကြတာပဲလေ။ ရလဒ်ကောင်းမှာပါ။ တပ်ချုပ် ဒုသမ္မတ လုပ်မယ်၊ မလုပ်ဘူးက သူပင်စင်ယူမယ်၊ မယူဘူးနဲ့တိုက်ရိုက်သက် ဆိုင်နိုင်တယ်’’ဟု အဆိုပါ ဗိုလ်မှူးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ယခုနှစ်အတွင်း ပင်စင်ယူမည် မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်နေရာကိုသာ ဆက်လက်ထမ်းဆောင်ဖွယ် ရှိကြောင်း ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပြောကြားသည်။

‘‘အရေးကြီးတဲ့ နိုင်ငံအပြောင်းအလဲကာလမှာ ကာချုပ်နေရာကိုအပြောင်း အလဲလုပ်ဖို့ ခဲယဉ်းပါတယ်။ နောက်ကာချုပ်နေရာက သမ္မတထက်ကို ပိုမိုအရေးပါနေတာလည်း အကြောင်းတစ်ခုပါ’’ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံမှုအတွက် စစ်ဘက်- အရပ်ဘက် အာဏာခွဲဝေမှုမှာ သိသာသည့် တိုးတက်မှုမျိုးရှိလာမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်တွင်းတိုင်းရင်းသားမျိုးနွယ်စုများ၏ အခက်အခဲပြဿနာများအပေါ် နားလည်မှုအခြေအနေရှိပုံမပေါ်ကြောင်းနှင့် ယင်းပြဿနာကို မည်သို့ဖြေ ရှင်းမည်ဆိုသည့်ပြောကြားချက်မျိုး ၎င်းထံတွင် ရှိနေပုံလည်းမရကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။

‘‘အာဏာခွဲဝေမှုဆိုတာလည်း အစကတည်းက ရှင်းနေတာပဲ။ တပ်က အရေးကြီးဆုံးဝန်ကြီးဌာနသုံးခုကို ကိုင်ထားတယ်။ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်နေရာတွေကိုလည်း ယူထားတယ်။ အဲဒီတော့ ဖွဲ့စည်းပုံပြင်မယ်ဆိုရင် ဗီတိုအာဏာနဲ့ ပယ်ချနိုင်ခွင့်ရှိနေတယ်။ ပြီးတော့တပ်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သမ္မတဆီကလည်း ညွှန်ကြားချက်တွေ ယူနေစရာမလိုဘူး။ ဒီတော့ အစိုးရက ဘယ်အရာကိုပဲ လုပ်ဆောင်ပါစေ အကန့်အသတ်နဲ့အာဏာပဲ ပိုင်ဆိုင်ရမှာပဲ’’ဟု ၎င်းကပြောသည်။

ကာကွယ်ရေးဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ဒီချုပ်အစိုးရသစ်နှင့် အဆင်ပြေစွာ လက်တွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ဒုတိယအကြိမ်တွေ့ဆုံမှုအပြီး မည်သည့်သဘောတူညီချက်များရရှိသည်ကို မသိရသော်လည်း သတင်းဓာတ်ပုံများတွင် ဗိုလ်ချုပ်မှူးကြီးရော လူထုခေါင်းဆောင်ပါ မျက်နှာများ၌ အပြုံးပန်းများ ဝေနေသည်ကို တွေ့ရသည်။ သို့သော် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အဆိုပါ တွေ့ဆုံမှုက များစွာအရေးပါနေမည်ကသေချာသည်။

7Day News Journal

No comments:

Post a Comment

My Blog List