Wednesday, January 27, 2016

အမေရိကန် ဖို့တ်ဝိန်း နဲ့ မော်လမြိုင်ကို ညီအမမြို့တွေ အဖြစ် သဘောတူ သတ်မှတ်


အမေရိကန်ပြည်ထောင်စုက မြန်မာလူမျိုးအများအပြားနေထိုင်တဲ့ ဖို့တ်ဝိန်း (Fort Wayne) မြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တို့ကို ညီအမမြို့တွေအဖြစ် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဖို့တ်ဝိန်းနဲ့ မော်လမြိုင်မြို့တွေကို ညီအမမြို့တွေအဖြစ် သတ်မှတ်လိုက် ကြောင်း ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ သဘောတူစာချုပ်ကို ဖို့တ်ဝိန်းမြို့ တော်ဝန် တွန်ဟင်နရီ (Tom Henry) က သူ့မြို့တော်ဝန်ရုံးခန်းမှာ ဇန်နဝါရီလ ၂၅ ရက် တနင်္လာနေ့က လက်မှတ်ရေးထိုးလိုက်တာပါ။
ညီအမမြို့တော်တွေ ဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံက ကျောင်းသားနဲ့ ဆရာတွေအတွက်ရော၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက်ပါ အင်မတန် အကျိုးရှိလာစေမှာဖြစ်တယ်လို့ ဖို့တ်ဝိန်းမြို့က ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးကျော်သိန်းစိုးက ပြောပါတယ်။

"မနေ့က မြို့တော်ဝန် Tom Henry ကနေပြီးတော့ လက်မှတ်ထိုးလိုက်တာ ပါ၊ တကယ်တမ်း ထိထိရောက်ရောက်လုပ်ကြမယ်ဆိုလို့ရှိရင်တော့ အကျိုး အမြတ်တွေက တန်ဖိုးမဖြတ်နိုင်အောင်ပဲ များပါတယ်၊ အကျိုးအမြတ်တွေမှာ ဘာတွေပါမလဲဆိုရင် အထက်တန်းကျောင်းသားလေးတွေကို အလဲအလှယ် လုပ်ကြတာပေါ့လေ၊ မြန်မာနိုင်ငံက အထက်တန်းကျောင်းသားက ဒီကိုလာ၊ ဒီမှာရှိတဲ့ အထက်တန်းကျောင်းသားက ဟိုမှာသွားနေပေါ့လေ၊ ဟိုမှာက လည်း ဧည့်ခံမယ့်အိမ်ရှိရမှာပေါ့ဗျာ အဲ့ဒါကိုလည်းသူတို့လျှောက်ရတယ်ဗျ မြန်မာ နိုင်ငံမှာ၊ ဒီမှာလည်း ဧည့်ခံမယ့်အိမ်ကို ကျနော်တို့က ရှာပေးရတာ ပေါ့၊ ၃ လတခါ ဒါမှမဟုတ် နွေရာသီမှာ အလဲအလှယ်လုပ်တာတို့ အဲ့ဒီကမှ တဆင့် ကျောင်းဆရာတွေ မြန်မာနိုင်ငံမှာ အထူးသဖြင့် တေးဂီတသင်ပေး တဲ့ဆရာ တို့ မြန်မာစကားကို သင်ပေးနိုင်မယ့်ဆရာတို့ အနုပညာ အဆိုအက သင်ပေး မယ့်ဆရာတို့ အဲ့ဒါမျိုးတွေကိုဒီကိုလွှတ် ဒီကလည်း အင်္ဂလိပ်စာသွား သင်ပေး နိုင်မယ့်ဆရာတို့ကို အဲ့ဒါကိုအလဲအလှယ်လုပ်တတ်လို့ရှိရင်တော့ အကျိုး အမြတ် ကတော့ နှစ်ဘက်စလုံးမှာရမှာပါ၊ အထူးသဖြင့် ကျနော်တို့ မြန်မာကလေးငယ်တွေဘက်က ရနိုင်မယ် လို့မျှောင်လင့်တာပေါ့"

ညီအမမြို့များအဖွဲ့ဝင် ၉ ဦးဟာ အခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ကို သွားရောက်ဖို့ရှိပြီး၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သံအမတ်ကြီး Scot Marciel၊ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဖို့တ်ဝိန်းညီအမမြို့များဆိုင်ရာ နိုင်ငံတကာအဖွဲ့ကို ၁၉၇၆ ခုနှစ်က စတင် တည်ထောင်တာဖြစ်ပြီး၊ လောလောဆယ်မှာ ဂျပန်နိုင်ငံ တာကာအိုကာမြို့၊ ပိုလန်နိုင်ငံ ပလော့မြို့၊ ဂျာမနီနိုင်ငံ ဂါရာမြို့နဲ့ တရုတ်နိုင်ငံ တိုင်ကျိုးမြို့ စတဲ့ မြို့ ၄ မြို့နဲ့ ညီအမမြို့တွေအဖြစ်သဘောတူညီထားပါတယ်။ မြန်မာနိုင်ငံ မော်လမြိုင်မြို့ကတော့ ဖို့တ်ဝိန်းမြို့ရဲ့ ပဉ္စမမြောက် ညီအမမြို့ ဖြစ်လာတာ ပါ။

အင်ဒီးယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ မြန်မာလူမျိုး ၈၀၀၀ နဲ့ ၁၀၀၀၀ ကြားခန့် နေထိုင်ပြီး၊ အများစုဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ပြောင်းရွှေ့လာသူတွေ ဖြစ်ပါတယ်

RFA

No comments:

Post a Comment

My Blog List