Friday, January 29, 2016

လွှတ်တော်မတက်မီ ANP ပါတီမှ လွှတ်တော်အမတ်သစ် ထောင်ဒဏ် ချမှတ်ခံရ


ရခိုင်အမျိုးသားပါတီ၏ မင်းပြားအမှတ် ၂ မဲဆန္ဒနယ်မှ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးလှအောင်ညွန့်ကို လွှတ်တော် မတက်ရောက်မီ ဇန်န၀ါရီ ၂၈ ရက်က မြေပုံမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ကြောင်း ANP ပါတီမှ ပြည်နယ်လွှတ်တော် အမတ်ဦးဖိုးမင်းက The Ladies သို့အတည်ပြုပြောသည်။
“ဒီနေ့ပဲ ထောင်ဒဏ်တစ်နှစ် ချခံရပါတယ် ။ မင်းပြား ပြည်နယ်လွှတ်တော် အမတ် ဦးလှအောင်ညွန့် အမှုကတော့ ရွေးကောက်ပွဲ မရောက်မီက အိမ်တစ်အိမ်ကို ကျော်နင်းတယ်ဆိုတဲ့ ကိစ္စပဲ ထင်ပါတယ်။ အမှုဥပဒေ ပုဒ်မကတော့ တိတိကျကျ မသိဘူး ။ ဦးလှအောင်ညွန့် အနေနဲ့ အနီးကပ် ထောင်ချတယ် ဆိုတာတော့ သိပ်သဘောတော့ မတွေ့ဘူး။ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂၃ နေရာရတဲ့ အထဲမှာ အခုတစ်နေရာ လျှော့ချလိုက်တဲ့ သဘောပေါ့ ။ အဲ့လိုပုံစံမျိုး ဖြစ်နေတယ်” ဟု ဦးဖိုးမင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ အနေဖြင့် အယူခံတက်မည် ဖြစ်ပြီး ဦးလှအောင်ညွန့် အနေဖြင့်လည်း အယူခံတက်ရန် အတွက် ANP ပါတီမှ တိုက်တွန်းနေသည်ဟု ဦးဖိုးမင်းက ပြောသည်။

“အယူခံက ပါတီအနေနဲ့လည်း ပြောရမှာဘဲ ဦးလှအောင်ညွန့်အနေနဲ့ အဓိက ထပ်ပြီးတော့ တက်ရမှာပါ ။ အခုပါတီကလည်း အယူခံတက်ဖို့ အတွက် ဦးလှအောင်ညွန့်ကို တိုက်တွန်းနေပါတယ် ။ တကယ်တမ်းကျတော့ ဦးလှအောင်ညွန့် အနေနဲ့ လောလောဆယ်မှာတော့ ဥပဒေပုဒ်မ ၁၁ (ဃ) မှာ ထောင်ဒဏ် ကျခံရလျှင် လွှတ်တော်အမတ် မဖြစ်စေရဆိုတဲ့ ဥပဒေတွေ လည်း ရှိနေတယ်ဆိုတော့ အခုလောလောဆယ် အယူခံကာလမှာ အယူခံ အဆင့်ဆင့် တက်မယ်” ဟု ဦးဖိုးမင်းက ပြောသည်။

ရခိုင်ပြည်နယ် မင်းပြား ပြည်နယ်လွှတ်တော် အမတ် ဦးလှအောင်ညွန့်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ခြင်းသည် ပါတီကို ထိခိုက်စေသည်ဟုလည်း ဦးဖိုးမင်းက ဆက်လက် ပြောကြားခဲ့သည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုဖြစ်သည့် ပုဒ်မ ၄၅၁ ၊ ၅၀၆ တို့ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး တရားစွဲဆိုသူမှာ မင်းပြားမြို့ အောက်ရွာပိုင်းမှ ဦးမြကြည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List