Thursday, January 28, 2016

အနီရောင်ကို ဖန်တီးနေသူ နီနီခင်ဇော်နှင့် တွေ့ဆုံခြင်း


သီချင်းအဟောင်းတွေကို ပြန်ဆိုတဲ့အခါ တကယ်ကို တာဝန်ကြီးပါတယ်။ လျော့သွားရင်လည်း မမီဘူး၊ များသွားတော့လည်း ပျက်သွားတာမျိုး ဖြစ်တတ်ပါတယ် သီချင်းအသစ်တွေရော သီချင်းအဟောင်းတွေကိုပါ ပရိသတ်အကြိုက်နဲ့ ထပ်တူကျအောင် သီဆိုနိုင်တဲ့ အဆိုပါရမီရှင် နီနီခင်ဇော်ကို ၎င်းရဲ့ တစ်ကိုယ်တော်သီချင်းအခွေ အနီရောင်ဖန်တီးခဲ့ပုံနဲ့ လတ်တလော ဂီတအနုပညာအကြောင်းတွေကို မေးမြန်းထားပါတယ်။
လတ်တလော လုပ်ဆောင်နေတဲ့ ဂီတအနုပညာ လှုပ်ရှားမှုတွေကို ပြောပြပေးပါ။

အခုလောလောဆယ်က နယ်ဘက်တွေ တောက်လျှောက် သွားဖြစ်တယ်။ မန္တလေး၊ မြင်းခြံ၊ ပြင်ဦး လွင်ဘက်တွေမှာ သွားဆိုဖို့ အစီအစဉ်ရှိတယ်။ နီနီရဲ့ တစ်ကိုယ်တော်အခွေ အနီရောင်ကို ရိုက်ကူးမှု စလုပ်နေပါတယ်။ လာမယ့် ပြည်ထောင်စုနေ့တော့ ရန်ကုန်မှာပဲ ရှိမယ်။ ချစ်သူများနေ့မှာတော့ မြင်းခြံမှာ ဆိုဖို့ရှိတယ်။ ပြီးခဲ့တဲ့ City FM က ကျင်းပတဲ့ အခွေလေးက ရှေ့လမှာ ထွက်မယ်ဆိုတော့ အဲဒီအတွက် အပြီးသတ် အသံသွင်း
နေတာလေးတွေ ရှိပါတယ်။

မကြာသေးခင် ကာလက မြန်မာနိုင်ငံမှာ အနီရောင် လွှမ်းမိုးခဲ့တော့ တစ်ကိုယ်တော်အခွေကို အနီရောင်လို့ နာမည်ပေးဖြစ်ခဲ့တာ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ သက်ဆိုင်မလား။

အနီရောင်ကို ပေးဖြစ်တဲ့ အကြောင်းအရာတွေက အများကြီး ရှိပါတယ်။ တိုက်ဆိုင်မှုတွေကလည်း အများကြီးပါ။ နီနီရဲ့ နာမည်လည်း ဖြစ်တယ်။ နီနီရဲ့ လိုဂိုလည်း ဖြစ်တယ်။ နီနီတို့က ခေါင်းစဉ်ပေးတော့မယ် ဆိုရင် လာမယ့် အနာဂတ်ကို ကြိုတင်မှန်းဆပြီး ပေးရတာလည်း ပါပါတယ်။ ၂၀၁၆ မှာ မြန်မာနိုင်ငံမှာ အများကြီးပြောင်းလဲ သွားခဲ့တယ်။ ပြောင်းလဲသွားတဲ့ အရာမှာလည်း နီနီအခွေလေးအပေါ် သက်ရောက်မှုရှိသလို နီနီရဲ့ Trade Mark တစ်ခုဖြစ်အောင်လည်း ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အနီရောင် Music MTV ကို ဘယ်လိုပုံစံနဲ့ ပုံဖော်ဖို့ စိတ်ကူးထားလဲ။

ထူးထူးခြားခြားလေး ရိုက်မှာပါ။ မာရီယိုထက်စာရင် ပိုပြီးတော့ ဆန်းသစ်ပြီးတော့ အရင်အခွေမှာ မှားခဲ့တာတွေ အားလုံးကို ပြန်ပြင်ပြီးတော့ ၂၀၁၆ မှာအကောင်းဆုံးလို့ ထင်တာတွေနဲ့ ရိုက်ကူးသွားဖို့ လုပ်နေပါတယ်။

MTV ရိုက်ကူးတဲ့အပိုင်းက ဘယ်အခြေအနေထိ ပြီးစီးနေပြီလဲ။

အနီရောင်က အခုမှစဖန်တီးတုန်း ဆိုတော့ ရုပ်လုံးမပေါ်သေးဘူး။ တစ်ခွေလုံးကို ရုပ်လုံးဖော်ရတာဆိုတော့ အခုထိရုပ်လုံးက မပေါ်သေးတာပါ။ ခုနစ်လပိုင်း၊ ရှစ်လပိုင်းလောက်ကို အချောသပ်ပါမယ်။ သေချာတာကတော့ ဒီတစ်ခေါက်ကို ထူးထူးခြားခြားလေး ဖြစ်အောင် တင်ဆက်ထားပါတယ်။

ကိုဇော်ပိုင်စီစဉ်တဲ့ ZPNI ခွေမှာ စုံတွဲသီချင်းလေးတွေ ပါဝင်သီဆို ဖြစ်ခဲ့ပုံကိုလည်း ပြောပြပေးပါဦး။

ဒီခွေထဲမှာက ကိုဇော်ပိုင်နဲ့ စုံတွဲနှစ်ပုဒ် ဆိုထားတယ်။ နီနီတစ်ယောက်တည်း တစ်ပုဒ်ဆို ထားတယ်။ အားလုံးပေါင်းသုံးပုဒ် ဆိုထားတာပေါ့။ အကုန်လုံး ပေါ့ပ်သီချင်းလေးတွေပါပဲ။ နီနီရဲ့ အနီရောင်အခွေထဲက သစ္စာမပျက်ကြေး သီချင်းကိုလည်း ဒီအခွေမှာ ကိုဇော်ပိုင်နဲ့အတူ ပြန်ဆိုပေးထားပါတယ်။ ဒီအခွေမှာ ကိုဇော်ပိုင်က နီနီတို့ကို ယုံယုံကြည်ကြည်နဲ့ သီချင်းတွေပေးဆို တယ်။ အတွဲတွေလည်း ပေးဆိုတဲ့အတွက် နီနီတို့လည်း ၀မ်းသာပါတယ်။ ကိုဇော်ပိုင်က နီနီတို့ လေးစားပြီးအားကျရတဲ့ အစ်ကိုပါ။

မိုးစက်တင်လေတို့၊ အင်းလေးမှာ ရွာတဲ့မိုးတို့လို အရင်သီချင်းအဟောင်း တွေကို နီနီပြန်ဆိုတာကို ပရိသတ်ရဲ့ လက်ခံအားပေးမှုရှိတယ်။ အဲဒီအတွက် သီချင်းအပေါ် ဘယ်လိုတာဝန်ယူ သီဆိုထားသလဲ။

သီချင်းရဲ့ အရသာလည်း မပျက်အောင် ကိုယ့်ရဲ့ မူလေးလည်း ပါအောင် ကြိုးစားပြီး သီဆိုဖြစ်တယ်။ သီချင်းတွေရဲ့ မူရင်းတီထွင်သူတွေကိုတော့ ဘယ်လိုမှ မမီပါဘူး။ မူရင်းဖန်တီးသီဆိုသူတွေသာ နီနီအတွက် အကောင်း ဆုံးတွေပါ။ ဒါပေမဲ့ နီနီတို့ရဲ့ အခုခေတ် ပရိသတ်တွေပြန်ပြီး နားထောင်လို့ ရအောင် နီနီတို့ရဲ့ ဟန်လေးတွေလည်း ပါအောင် ပြန်လည် ဖန်တီးရပါတယ်။ ဒီလို သီချင်းဟောင်းတွေကို ပြန်လည် သီဆိုရတဲ့ အခါမှာတော့ တကယ့်ကို တာဝန်ကြီးပါတယ်။ အများကြီးလည်း လုပ်ပြလို့မရပါဘူး။ လျော့သွားအောင် လည်း မရဘူး။ လျော့သွားရင်လည်း မမီဘူး။ များသွားတော့လည်း ပျက်သွား တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ နီနီတို့က ဒီကြားလေးထဲမှာပဲ ပရိသတ်ကို အကောင်းဆုံး သီဆိုပေးရတာပါ။

အခု ၂၀၁၆ မှာပြီးခဲ့တဲ့ နှစ်နဲ့ မတူညီအောင် ဘယ်လိုပြောင်းလဲ နေထိုင်ဖြတ် သန်းသွားဖို့ရှိလဲ။

၂၀၁၆ ကိုလည်း အကောင်းဆုံး ဖြတ်သန်းဦးမှာပါပဲ။ နီနီ ၂၀၁၅မှာ မှားခဲ့တဲ့ အရာတွေကို ဒီနှစ်မှာ အကောင်းဆုံး၊ အမှန်ဆုံးလို့ ထင်တဲ့အရာတွေနဲ့ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံး ပြန်လည်ပြင်ဆင်ပြီး ဆက်လက်ပြီး ကြိုးစားသွားမှာပါ။

ဂီတအနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ဖို့က ဘာတွေ လိုအပ်တယ်လို့ ထင်ပါသလဲ။

အနုပညာလောကက ကံရယ်၊ စန်းရယ်၊ ကြိုးစားအားထုတ်မှုသာ ရှိမယ်ဆိုရင် အချိန်လေးတစ်ခုပဲ စောင့်ရပါတယ်။ အောင်မြင်မှုဆိုတာ လက်ထဲကို တစ်သဝေမတိမ်း ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီတော့ ကြိုးစား အားထုတ်မှုသာ လျော့နည်းနေမယ် ဆိုရင်တော့ ကံဘယ်လောက်ပဲ ရှိရှိ၊ စန်းဘယ်လောက်ပဲရှိရှိ အောင်မြင်မှုသည် ခဏပဲဖြစ်တည်လိမ့်မယ် ထင်ပါတယ်။ အခုချိန်ထိလည်း နီနီတို့ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်တွေ အတွက် တစိုက်မတ်မတ် ကြိုးစားနေရတုန်းပါပဲ။

အနီရောင် Music MTV မထွက်ခင် စပ်ကြားမှာ Single Song အနေနဲ့ အွန်လိုင်းကနေ ဖြန့်ချိဖို့ရှိပါသလား။

Single Song တွေ ထုတ်ဖို့တော့ အခုလောလောဆယ် မရှိသေးပါဘူး။ ဂီတမှာတော့ နောက်ထပ်အသစ်တွေ အများကြီးကို ဖန်တီးဖို့ လုပ်နေပါ တယ်။

အပြောင်းအလဲတွေ ဖြစ်လာတော့မယ့်အချိန်မှာ ပရိသတ်တွေကို နီနီအနေနဲ့ ဘာပြောချင်တာရှိလဲ။

ပရိသတ်တွေ အားလုံးမျှော်မှန်းထားတဲ့ အခြေအနေတစ်ရပ်ကို ရောက်လာ ပြီဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ကြိုးစားဖို့ပဲ ကျန်ပါတော့တယ်။ တစ်ဦးချင်း တစ်ယောက်ချင်းစီ ကြိုးစားပြင်ဆင်ကြရင်း ၂၀၁၆ ကစပြီးနောင်လာမယ့်
နှစ်ပေါင်းများစွာ မြန်မာနိုင်ငံက ပြည်သူတွေအားလုံး တစ်ဦးချင်း ကောင်းမှ တစ်တိုင်းပြည်လုံး ကောင်းမှာ ဖြစ်တဲ့အတွက် အားလုံးအားသွန်ခွန်စိုက်ကြိုး စားပြီးတော့ တက်လှမ်းရအောင် အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်လို့။

ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List