Thursday, January 28, 2016

ဥက္ကဌ ဦးအေးမောင်၏ မအောင်မြင်သော ခေတ်ပြောင်းတော်လှန်ရေး


ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုလျှင် သူချစ်မြတ်နိုးသော လွှတ်တော်ကိုယ်စားလှယ် ၀တ်စုံဆင်မြန်းခွင့် သူ့မှာမရှိတော့။ နေအိမ်ပြန်ရတော့ မည်ဖြစ်သည်။ သူ၏ အိမ်ပြန်ခရီးသည် ယခင်ကဲ့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တော်ကြီး၊ ပါတီ၏ ဥက္ကဌကြီး၊ ရခိုင့်သူရဲကောင်းတစ်ဦး အိမ်ပြန်ချိန်နှင့် မတူတော့။
သူ့ကို တချိန်လုံး စိတ်ဖိစီးမှု ပေးခဲ့ကြသော သူတို့ ပြည်နယ်လွှတ်တော်တွင် ရှိသည်။ အမျိုးသား လွှတ်တော်တွင် ရှိသည်။ ပြည်သူ့လွှတ်တော်တွင် ရှိသည်။ ပါတီ ဗဟိုရုံးချူပ်တွင် ရှိသည်။ သည်အရိပ်များက ဥက္ကဌ ဦးအေးမောင်ကို နှစ်အတော်ကြာသည့်တိုင် ခြောက်လှန့်နေမည် ဖြစ်သည်။

ဥက္ကဌ ဦးအေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားပါတီမှ ၁/၂၀၁၆ နှင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချူပ်သည် ရွေးကောက်ပွဲတွင် ပြည်နယ်တွင်း မဲအများဆုံးနေရာနှင့် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်ကို ရွေးချယ်ရန်နှင့် ပြည်နယ် အစိုးရအဖွဲ့ကို ANP မှ ဖွဲ့စည်းခွင့်မရလျှင် မည်သည့်အစိုးရအဖွဲ့ အစည်းတွင် မဆို ပါဝင်ခြင်းမပြုဘဲ အတိုက်အခံပါတီအဖြစ်သာ ရပ်တည် သွားမည်ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်တွင်း ဒီမိုကရေစီ နိုင်ငံရေးတွင် “နှစ်ပေါင်း ၅၀ အကြာ ပထမဦးဆုံး အာဏာရလာသည့် လူထုပါတီ” အပေါ် ဖိအားတရပ် ဖြစ်စေခဲ့သည် ဟူ၍ မြန်မာ့နိုင်ငံရေးသုံးသပ်သူများက ရခိုင်အမျိုးသားပါတီအပေါ် ပြင်းထန်စွာ ရှုတ်ချဝေဖန်ခဲ့ကြသည်။

မရှေးမနှောင်းမီပင် ဒုဥက္ကဌ ဦးဖိုးမင်း၏ ကြေညာချက်ကို လိုက်နာရန် ညွှန်ကြားစာ တစ်စောင်ထပ်မံ ထွက်ပေါ်လာသည်။ ရခိုင်အမျိုးသားပါတီ၏ ကမောက်ကမနိုင်လွန်းလှသော အမိန့်စာများပင် ဖြစ်သည်ဟု ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်များက ထပ်မံ ရှုတ်ချခဲ့ကြသည်။

၁/၂၀၁၆ ဘာကြောင့် ထုတ်ပြန်ခဲ့ရသလဲ

ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်လို၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဦးဆောင်လိုရသနည်း။ ပြည်နယ်လွှတ်တော် နေရာ အများဆုံး အနိုင်ရထား၍ ဖြစ်သည်။ အဖြေက ဤမျှသာ။
သို့ရာတွင် ၁/၂၀၁၆ ထုတ်ပြန်ခဲ့ရခြင်း၏ နောက်ကွယ်တွင် သည်မျှ ရိုးရှင်းခဲ့ခြင်း မရှိ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်လိုခြင်းထက် ပါတီတွင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ အာဏာပါဝါများကို လျှော့ချလိုခြင်းကြောင့် ဖြစ်သည် ဟု ယူဆရမည်ဖြစ်သည်။ ဥက္ကဌ ဦးအေးမောင် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ အင်အားစုများသည် ပြည်နယ်လွှတ်တော်တွင် ၀န်ကြီးချူပ်သော် လည်းကောင်း ၊ အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရခဲ့လျှင်သော်လည်းကောင်း ANP ၏ အာဏာကို ALD အင်အားစုများသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မည်သည့်အစိုးရအဖွဲ့တွင်မဆို ပူးပေါင်းပါဝင်ခြင်းမပြုဘဲ အတိုက်အခံအနေနှင့်သာ ရပ်တည်မည်ဖြစ်ကြောင်းနှင့် ကြေညာချက်ကို လိုက်နာရန် ဒုဥက္ကဌ ဦးဖိုးမင်း၏ ညွှန်ကြားစွာ ထွက်ပေါ်လာခြင်းတို့ခြင်းကြောင့်ဖြစ်သည်။

RNDP အင်အားစုများအနေနှင့် ပြည်နယ်၏ အမြင့်ဆုံးအာဏာကို မရယူနိုင်ခဲ့လျှင် ပြည်နယ်လွှတ်တော်တွင် သာမက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် NLD မဟာမိတ်များဖြစ်သည့် ALD အင်အားစုကို ရင်ဆိုင်ခြင်းမှ ကာကွယ်နိုင်ရန် ပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့ဖြစ်၍ ယင်းထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဦးအေးသာအောင်အပါအ၀င် ALD ၏ စီအီးစီများ မသိရှိခဲ့ကြခြင်းပင်။

ပါတီညီလာခံကပင် ဦးအေးသာအောင်၏ အတွေးအခေါ် နိုင်ငံရေးခံယူချက်များကို မြတ်နိုးသော ANP အဖွဲ့ဝင် (ယခင် ALD ) များကို သြဇာမြင့်မားလာမှု မရှိစေရေး ဦးအေးမောင် ဦးဆောင်သည့် RNDP အင်အားစုများက သံတွဲညီလာခံတွင် တစ်ကြိမ် သရုပ်ပျက်စွာ ကျူးလွန်ခဲ့ကြပြီဖြစ်သည်။ ထပ်မံ၍ နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိရေး ANP မြို့နယ်ပါတီတွင်း ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေး အချိန်များက မဲခိုးခြင်း၊ မဲလိမ်ခြင်း၊ မဲဆင်ခြင်းနှင့်အတူ အရည်အသွေးရှိ ALD ကိုယ်စားလှယ်များကို ဖယ်ရှားခဲ့ကြောင်း မြို့နယ်တွင်း ကိုယ်စားလှယ်ရွေးချယ်ရေးတွင် မတရားသဖြင့် ရှုံးနိမ့်ခဲ့သူ ANP ကိုယ်စားလှယ်လောင်းတစ်ဦးကို သက်သေ အခိုင်အမာဖြင့် ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီတွင်း သွေးစည်းညီညွတ်မှုကား လုံးဝ ပျက်စီးနေသည်။ RNDP အင်အားစုတွင် ALD ကို အမြစ်ဖြုတ်ချေမှုန်းရေး အုပ်စုနှင့် ALD နှင့် အာဏာခွဲဝေ ပါတီတည်ဆောက်ရေး အင်အားစု ၂ စုအဖြစ် ဥက္ကဌ ဦးအေးမောင်ကို ထောက်ခံသော၊ မလိုမလားသော စသဖြင့် တွေ့ရသည်။ RNDP ၏ ပါတီတွင်း တိုက်ပွဲကား ဥက္ကဌ ဦးအေးမောင်ကို ဖယ်ရှားရန် ဗျူဟာ ဖော်ဆောင်သူ တချို့၊ ALD ကို ချေမှုန်းရန် ဗျူဟာ ဖော်ဆောင်သူတချို့၊ ရေလိုက်ငါးလိုက် ဆက်ဆံရေးနှင့် အခွင့်သာလျှင် ဦးအေးမောင်နှင့် ALD အင်အားစုကိုဘက် ချေမှုန်းရန် ဗျူဟာ ဖော်ဆောင်သူ စသဖြင့် အခြေအနေများက ရှုတ်ထွေးနေသည်။

ဦးအေးမောင် နိုဝင်ဘာ ၈ အလွန် ရှုံးနိမ့်ခဲ့ပြီး ပါတီတွင်း စီအီးစီ ၃၈ ဦးကို တရားစွဲဆိုမည်ဟု အသံထွက်ပေါ်လာခဲ့သလို ဦးအေးမောင်ကို ဖယ်ရှားရန် အခြေအနေကောင်းများကို ဆုပ်ကိုင်ထားပြီး ဖြစ်ကြောင်း အသံလည်း ထွက်ပေါ်ခဲ့ကြသည်။

ဤသို့ ရခိုင်အမျိုးသားပါတီ၏ ထီးရိပ်ခို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဝင် အချင်းချင်း သဘောထားချင်း မတိုက်ဆိုင်မှုကြောင့် မီဒီယာစာမျက်နှာများတွင် နေရာယူထားကြချိန် ဦးအေးသာအောင် ဦးဆောင်သော ALD အင်အားစုမှ အသံ တိတ်ဆိတ်စွာဖြင့် နေခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အင်အားစုများ၏ အချင်းချင်း တိုက်ခိုက်နေမှုများသည် အဖိနှိပ်ခံ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ တော်လှန်ရန် အခွင့်အလမ်းကို လမ်းစဖွင့်ပေးခဲ့ခြင်းဟု ယူဆရမည်ဖြစ်သည်။

ဥက္ကဌ ဦးအေးမောင်၏ မအောင်မြင်သော ခေတ်ပြောင်းတော်လှန်ရေး

ဥက္ကဌ ဦးအေးမောင်သည် နိုင်ငံရေးသမားဘ၀ကို အနှိမ်ခံဘ၀ဖြင့် အစပြုခဲ့ရသည်။ ၎င်းနှင့်အတူ ၎င်းထက် နိမ့်သာ ပါတီအာဏာကို ရယူထားသူများက သူ့အပေါ် သြဇာ အာဏာ ကျော်လွန်နေမှုများကို သူ့အနေနှင့် အဆုံးသတ်စေချင်ခဲ့သည်။

ခေတ်သစ် ရခိုင့်နိုင်ငံရေး၏ အမြင့်ဆုံး ၀န်ကြီးချူပ်ရာထူးကို သူရယူလိုဇောဖြင့် အရာအားလုံးကို ဖယ်ရှားဖို့ ၀န်မလေးခဲ့။ သူ၏ မဟာဗျူဟာများကို အခွင့်လမ်းမျှော်ကိုးသော အင်အားစုတချို့က ၀န်းရံပေးခဲ့ကြသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဟူသော RNDP ၏ အမြင့်ဆုံး ရည်မှန်းချက်ကို ဖော်ဆောင်ရန် သူရ ဦးရွှေမန်းကို ချဉ်းကပ်ခဲ့သည်။ မြန်မာ့နိုင်ငံရေး၏ အကောင်းမွန်ဆုံး ဆက်ဆံရေး ဖြစ်သော တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးကို သူ့၏ အမည်နှင့်ပင် ချဉ်းကပ်ခဲ့ပြန်သည်။ ပါတီ၏ သဘောထားများ၊ ဗဟိုအလုပ်အမှုဆောင်များ၏ ဆုံးဖြတ်ချက်များနှင့် ၅ နှစ်တာပတ်လုံး သွေဖီခဲ့သည်။

သူ့ရည်မှန်းချက်ကို ဖော်ဆောင်မှုတွင် တချို့သော RNDP အင်အားစုများ ကျရှုံးခဲ့ရသည်။ သည်အခြေအနေသည်အခင်းကျင်းတွင် ဥက္ကဌ ဦးအေးမောင်ကို ဦးဦးလှစော အမှူးပြုသော RNDP ပဲ့ကိုင်များက ဖွင့်၍ တိုက်ခဲ့ကြသည်။

ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ဦးအေးသာအောင် ပြတ်သားစွာ စကားဆိုခဲ့သည်။

“ရခိုင်အမျိုးသားပါတီနှင့် အန်ကယ့် ရှေ့ရေးက မသေချာတော့ဘူး”

ဥက္ကဌ ဦးအေးမောင်၏ ရခိုင်တိုင်းရင်းသာများတိုးတက်ရေးပါတီကို ချစ်မြတ်နိုးသော သူ့၏ အတ္တနှင့် နိုင်ငံရေးအနှိမ်ခံဝမှ လွတ်မြောက်လိုသော မာနတို့သည် ယခုအခါ ချေဖျက်ခံခဲ့ရသည်။

ပြောင်းလဲရန် မျှော်မှန်းထားသည့် အတွေးအခေါ်များသည် မကောင်းသည့် ဘက်ကို ဦးတည်နေလျှင်။ ပြောင်းလဲရန် မျှော်မှန်းထားသည့် အတွေးအခေါ် များကို ဖန်တီးနိုင်သူများက ငြင်းပယ်ခဲ့လျှင်။ ပြောင်းလဲရန် မျှော်မှန်းထား သည့် အတွေးအခေါ်များကို ထိရောက်စွာ တင်ပြ ရှင်းလင်းမှု မရှိခဲ့လျှင်။ ပြောင်းလဲရန် မျှော်မှန်းထားသည့် အတွေးအခေါ်များသည် ဦးဆောင်သူ လူတစ်စုအတွက်သာ ကိုယ်စားပြုခဲ့လျှင်။ ပြောင်းလဲရန် မျှော်မှန်းထားသည့် အတွေးအခေါ်များသည် “ဂ” ကွေ့ (သို့) ခေတ်နောက်ပြန် ဆွဲခဲ့လျှင်။ ပြောင်းလဲရန် မျှော်မှန်းထားသည့် အတွေးအခေါ်များသည် ရောပြွန်းနေပြီး အပြောင်းအလဲ မြန်ဆန်နေခဲ့မည်ဆိုလျှင်။

ထိုထိုသော ပြောင်းလဲမှုသည် အခွင့်အလမ်းထက် ဆုံးရှုံးမှုကို ဦးတည်နေ မည်ဖြစ်သည်။

မှန်ပေသည်။ ဥက္ကဌ ဦးအေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားပါတီ၏ အပြောင်းလဲဖန်တီးမှုများသည် အခွင့်အလမ်းထက် ဆုံးရှုံးမှုကို ဦးတည်နေ ခဲ့ပြီ ဖြစ်သည်။

RIA


No comments:

Post a Comment

My Blog List