Friday, January 29, 2016

သမ္မတအဖြစ် ထမ်းဆောင်ခွင့် ရရှိရေးထက် အခြေခံကောင်းများ တည်ဆောက်ရေး ဦးစားပေးခဲ့ဟု ဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပိုမိုခိုင်မာစေရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နယ်ပယ်အသီးသီးတွင် အခြေခံကောင်းများ တည်ဆောက်ပေးခြင်းကို သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်တာဝန် ထမ်းဆောင်ခွင့် ရရှိရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထပ်မံအနိုင်ရရှိရေးထက် ပိုပြီး အမျိုးသားအကျိုးစီးပွားအဖြစ် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည့် သမ္မတသက်တမ်း ၅ နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အောင်မြင်မှု တွေ ရရှိခဲ့သလို အခက်အခဲတွေ၊ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေ အများကြီး တွေ့ကြုံခဲ့ပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဝိရောဓိတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး လုပ်ငန်းစဉ် ရပ်တန့်မသွားစေဖို့၊ နောက်ကြောင်းပြန်မသွားစေဖို့ အတွက် ပကတိ အရှိတရားနဲ့ လက်တွေ့ နိုင်ငံရေးအခြေအနေက ခွင့်ပြု ထားတဲ့ အတိုင်းအတာ အတွင်းကနေ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာကို သဟဇာတဖြစ်အောင် ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။

ရွေးကောက်ပွဲ မတိုင်မီက ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲမှ ရလဒ်အရ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အစိုးရတာဝန် စနစ်တကျ တာဝန်လွှဲ ပြောင်းနိုင်ရေး အတွက် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ရာ လွတ်လပ် ရေးရပြီး မြန်မာနိုင်ငံ သမိုင်းတွင် အစိုးရနှင့် နိုင်ငံအကြီးအကဲ တာဝန်ကို ပထမဆုံးအကြိမ် တည်ငြိမ်အေးချမ်းစွာ လွှဲပြောင်းပေးမှု ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရားအရ မည်သည့်ပါတီက တာဝန်ယူသည်ဖြစ် စေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ရန် လက်ရှိအစိုးရနှင့် နောက်အစိုးရ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ရွေးချယ်မခံရသော လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ပါဝဝင်ဆောင်ရွက်ပေးကြရန် သမ္မတက တိုက်တွန်းပြောကြားသည်။

နိုင်ငံအကြီးအကဲနှင့် အစိုးရတာဝန် စနစ်တကျ လွှဲပြောင်းနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာအောင်သူတို့နှင့် အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် ဦးဆောင်သော တာဝန်လွှဲပြောင်းရေး အထောက်အကူပြု အဖွဲ့သည် ဇန်နဝါရီလ ၂၆ ရက်နေ့က ထပ်မံတွေ့ဆုံခဲ့ရာ နိုင်ငံတော် အကြီး အကဲ တာဝန်လွှဲပြောင်းသော အခမ်းအနား အစီအစဉ်နှင့် ပတ်သက်သည့် လျာထားချက်များ၊ ဝန်ကြီးဌာနအချို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းများ အကြောင်း ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List