Thursday, January 28, 2016

လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်း


လွှတ်တော် အစည်းအဝေးများသို့ လေ့လာသူအဖြစ် စတင်တက်ရောက် လာသည့် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အသီးသီး၏ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီအား ဇန်န၀ါရီ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းကြောင်း သတင်းရရှိသည်။
ထိုသို့ ကော်မတီ ဖွဲ့စည်းကြောင်း ထုတ်ပြန်စာအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်စာပေါ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တံဆိပ်တုံးဖြင့် ထုတ်ပြန်ခြင်းမျိုး မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရုံး တံဆိပ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီ၌ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး အခြား ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဦးအောင်စိုးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း၊ ဦးမင်းဦးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။

ယင်းကော်မတီ အနေဖြင့် လွှတ်တော် အစည်းအဝေးများ ကျင်းပမည့် အစီအစဉ် ရေးဆွဲခြင်း၊ လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန် ဧည့်သည်တော်များအား ဖိတ်ကြားခြင်း၊ လွှတ်တော်အစည်းအဝေးများသို့ လေ့လာခွင့် တင်ပြမှုများကို စိစစ်ခွင့်ပြုခြင်း၊ လွှတ်တော် အစည်းအဝေး များသို့ သတင်းရယူမည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို စိစစ်ခွင့်ပြုခြင်း၊ အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အား သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးများ၊ လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ကော်မတီ အဖွဲ့ခေါင်းဆောင် အနေဖြင့် ပါဝင်သည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် လည်းကောင်း ပါတီမှ ရွေးချယ်လျာထားသူများ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက AFP သတင်းဌာနသို့ ပြောကြားထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် လျာထားခံရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် လက်ရှိတွင် ပုသိမ်မဲဆန္ဒနယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည်ရွေးကောက် ခံထားရသူ တစ်ဦးဖြစ်ပြီး ပါတီ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်နှင့် ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လျာထားခံရသူ ဦးမန်းဝင်းခိုင် သန်းမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည့် အာဇာနည်ခေါင်း ဆောင် တစ်ဦးဖြစ်သော မန်းဘခိုင်၏ မြေးတော်စပ်သူဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) မှ ရွေးကောက်ခံထားရသူဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List