Friday, January 29, 2016

လွှတ်တော်အကြီးအကဲ ရွေးချယ်မှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ရက်ပိုင်းအတွင်းစတင်မယ့် လွှတ်တော်အသစ်မှာ ဦးဆောင်ဖို့ လျာထားတဲ့ လွှတ်တော်အကြီးအကဲ လေးဦးစာရင်းကို ထုတ်ပြန်ခဲ့တဲ့အပေါ် တိုင်းရင်းသားနိုင်ငံရေးသမားတွေက ကြိုဆိုလိုက်ကြပါတယ်။စာရင်းထဲမှာ အဖွဲ့ချုပ်ကသာမကဘဲ လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်း ရင်းသားပါတီတွေက ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဗမာတိုင်းရင်းသား (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ကချင်တိုင်းရင်းသား (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ကရင်တိုင်းရင်းသား (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဟာ ရခိုင်တိုင်းရင်းသား (ရခိုင်အမျိုးသားပါတီ) တို့က ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် ဒုတိယအကြိမ်လွှတ်တော်မှာ တာဝန် ထမ်းဆောင် ကြမယ့် အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို အမှာစကားပြောရင်းနဲ့ အမည်စာရင်းပြောသွားတာလို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်က ပြောပါတယ်။

“လွှတ်တော်တာဝန်တွေထမ်းဆောင်ရင်းနဲ့ တိုင်းပြည်တာဝန်ကို ပြည်သူလူထုမျှော်မှန်း သလို ထမ်းဆောင်နိုင်အောင်လို့ အဲ့လိုပြောရင်းနဲ့ အတည်ပြုတာကတော့ ပြည်သူလွှတ်တော် ဥက္ကဋ္ဌကတော့ ဦးဝင်းမြင့် ဒုတိယဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီက ဦးတီခွန်မြတ်၊ နောက်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြတော့ အန်အယ်လ်ဒီကပဲ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း၊ သူက အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်မြေး၊ ရခိုင်က ဦးအေးသာအောင်က ဒုတိယဥက္ကဋ္ဌ၊ အဲ့ဒါကို အတည်ပြုလိုက်ပါပြီ။ အခုကတော့ သူတို့ဆီကလက်ခံတဲ့ သဘောတူညီချက် ရသွားပါပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရအဖွဲ့အကြီးအကဲ လျာထားစာရင်းနဲ့ပတ်သက်လို့ မေးမြန်းချက်ကိုတော့ စောင့်ဆိုင်းကြပါလို့သာ ရယ်မောဖြေဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေကို အဓိကမှာကြားတာနဲ့ပတ် သက်လို့ ဦးဝင်းထိန်က “အဓိကက ကြိုးစားဖို့၊ ပြည်သူလူထုကမျှော်လင့်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ရွေးချယ်တဲ့အခါမှာ ပြည်သူလူထုရဲ့မျှော် လင့်ချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့အရည်အချင်းပေါ်မှာတည်တယ်။ ဒါကြောင့်မို့ ကြိုးစားကြပါ၊ စည်းကမ်းရှိကြပါ၊ အများပြည်သူက အထင်သေးမယ့်၊ အမြင်သေးမယ့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ ဆင်ခြင်ကြပါလို့ မှာတယ်” လို့ ပြောပါတယ်။

ဒီတာဝန်အပ်နှင်းဖို့ အဆိုပြုလျာထားခံရတာနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုး ပါတီက အမတ် ဦးတီခွန်မြတ်က “ဘာလို့လဲဆိုလို့ရှိရင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုက လွှတ်တော်အင်အား ရှိမှ၊ လွှတ်တော်အင်အားရှိဖို့ အားလုံးပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ၀ိုင်းဝန်းဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေး အပ်ရွေးချယ်ခဲ့ပြီး အရပ်သား ၂ ဦးကို ဒုတိယဥက္ကဋ္ဌတာဝန်ပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးခင်အောင်မြင့်နဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြညိမ်းတို့ တာဝန်ယူခဲ့ကြ ပါတယ်။

ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အကြီအကဲ ရွေးချယ်မှု အပေါ် ရှမ်တိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ကောင်းတာပေါ့ဗျာ၊ သူလည်း ပြောထားတာပဲလေ တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးလိုတယ်၊ တိုင်းရင်းသားချင်း ညီညွတ်ဖို့လိုတယ် ဟုတ်လား၊ တိုင်းရင်းသားပြသနာကို သူရှင်းပေးမယ်လို့ ပြောထားတာပဲ။ အဲဒီတော့ တိုင်းရင်း သားတွေ ကို အခွင့်အရေးပေးလိုက်တာ ကောင်းပါ တယ်။” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဒေါက်တာတူးဂျာကလည်း “ကောင်းတယ်၊ ကောင်းပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းပါ တယ်။ ရှေ့အလားအလာအတွက် ကောင်းတဲ့ခြေလှမ်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်။ လွှတ်တော်တွေမှာလည်း ဒီတခေါက်တော့ အပြောင်းအလဲ ကြီးကြီးမားမားလိုချင်တဲ့အတွက်ကြောင့် တိုင်းရင်းသားပြည်နယ်တွေမှာလည်း ပြည်သူတွေက အန်အယ်လ်ဒီကို မဲပုံပြီးပုံပြီးပေးလိုက်တာလေ။ အဲဒီအခါကျတော့ လွှတ်တော်တွေမှာ တိုင်းရင်းသား တွေရဲ့အသံက အင်မတန် တိုးသွားမယ့်သဘောရှိတယ်။ အဲဒီအခါကျတော့ အန်အယ်လ်ဒီအနေနဲ့ အခုလို တိုင်းရင်းသားတွေကို အတတ်နိုင်ဆုံး နေရာပေးသွားတယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ဒါက ကြိုဆိုသင့်ကြိဆိုထိုက်တဲ့ ပထမခြေလှမ်းပါပဲလို့ ပြောချင်ပါ တယ်ဗျ” လို့ ပြောပါတယ်။

ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်စံလွင်က “ဖွဲ့စည်းနိုင်တဲ့အစိုးရအဖွဲ့ကို ကျနော်တို့ ပါတီတွေအနေနဲ့ လက်တွဲရမယ်၊ တိုင်းပြည်ကောင်းဖို့အတွက်။ သူ့ပါတီက အောင်မြင်တဲ့ဥစ္စာ၊ သူတို့ကိုယ်စားလှယ်နဲ့ ရွေးတဲ့ဥစ္စာကိုတော့ ကျနော်တို့ သဘောထားပေးတာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ထင် တယ်။ အခုက သူ့စိတ်ကြိုက်ရွေးချယ်တဲ့ ဟာတခုဖြစ်တော့ ကျနော်တို့က အကုန်လိုက်မသိရဘူး။ လူတိုင်းကတော့ လိုချင်ကြတဲ့ ဆန္ဒတခုရှိကြတယ်။ သို့သော်လည်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ်ဆိုတာကတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်တယ်ဆိုတာက သူတို့ဆုံးဖြတ်ချက်၊ သူတို့ပေးတယ်၊ မပေးတယ် ဆိုတာ သူတို့သဘောထားလည်း လိုသေးတယ်။ ပြည်နယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေ ထည့်ထားတဲ့ အနေအထား တခုကတော့ ကောင်းတဲ့လက္ခဏာတခုလို့ တွေ့ရတာပေါ့။”

တအာင်းပလောင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းကျော်က “ကောင်းပါတယ်၊ ၀မ်းသာပါတယ်။ သူတို့ကတော့ အနိုင်ရတဲ့ပါတီပဲလေ။ အနိုင်ရတဲ့ပါတီဆို တော့ သူတို့က လုပ်ပိုင်ခွင့်ပိုရှိပါတယ်။ သူတို့ရွေးထားတဲ့လူနဲ့ သိသလောက် တော့ ကောင်းပါတယ်။ ကျန်တဲ့ ပါတီတွေလည်း ပူးပေါင်းပြီး ဆောင်ရွက် သွားဖို့ အရေးကြီးတာပေါ့။ တချို့ကိစ္စတွေမှာ တိုင်းရင်းသားတွေ ပါဝင်မှ လည်း အဆင်ပြေတယ်လေ။ တအာင်းဒေသတွေမှာ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်ဆိုတော့ သူတို့တိုင်း သူတို့ဒေသမှာ ပါဝင်ဆုံးဖြတ်နိုင်တာပေါ့။ ကောင်းပါတယ်။”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မနှစ်နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းပြီးဆုံးရန် အချိန် ၂ ရက်သာကျန်ရှိ တော့ပြီး လာမယ့် လွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့စတင်မှာဖြစ် ပါတယ်။ မဲအပြတ်အသတ် အနိုင်ရပြီး လွှတ်တော်အမတ်နေရာအများစုကို လွှမ်းမိုးထားတာကြောင့် အဆိုပြုလွှတ်တော်ဥက္ကဋ္ဌ အမည်စာရင်းကို ခန့်အပ်နိုင်ဖို့ သေချာသလောက်ရှိပါတယ်။

DVB

No comments:

Post a Comment

My Blog List