Thursday, January 28, 2016

ရေပူဆရာတော်အား စွဲဆိုထားသည့် သစ်မှုကို အစမှ ပြန်လည်စစ်ဆေး ရာတွင် ဘာသာ၊ သာသနာအတွက် သစ်များကို သုံးစွဲခွင့်ရှိကြောင်း သစ်တောဦးစီး ထွက်ဆို


မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား စွဲဆိုထားသည့် သစ်မှုအား အစမှ ပြန်လည် စစ်ဆေးရာတွင် ဘာသာ၊ သာသနာအတွက် သစ်များကို သုံးစွဲခွင့်ရှိကြောင်း မြို့နယ် သစ်တောဦးစီး ဦးအောင်လွင်က ဇန်န၀ါရီ ၂၇ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
ရေပူဆရာတော်အား ကျောက်မျက်မှုနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ စစ်ဆေးမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ရုံးချိန်းရက်ယူရုံသာ ပြုလုပ်ခဲ့ပြီး ဆက်လက်၍ သစ်မှု၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မများအတွက် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ သစ်တောမှုအား အစမှ ပြန်လည်စစ်ဆေးရာ၌ မိုးကုတ်မြို့နယ် သစ်တောဌာန ဦးစီးမှူး ဦးအောင်လွင်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

သစ်တောမှုနှင့် ပတ်သက်၍ သစ်တောဦးစီးအား ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ရေပူကျောင်းဝင်းအတွင်း ရှိနေသည့် သစ်များမှာ ဖုံးကွယ်ဝှက်ထားခြင်း ရှိသလား၊ သစ်များကို သစ်တောအတွင်းမှ ခိုးခုတ်နေစဉ် (သို့) ရောင်းချနေစဉ် အခြေအနေမျိုး၌ တွေ့ရှိခဲ့ခြင်းလား၊ တည်ဆဲ သစ်တောဥပဒေအရ မိမိကိုယ်ပိုင်သုံးရန် သစ်များကို တစ်ပိုင်တစ်နိုင် စုဆောင်း လက်ဝယ်ထားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ကို သိရှိပါသလား၊ ဘုန်းကြီးကျောင်းဆောက်ရန် သစ်များ စုဆောင်းထားသည့် ကိစ္စအပေါ် သက်ဆိုင်ရာ ဘုန်းကြီးကျောင်း ဆရာတော်အား အရေးယူ ဆောင်ရွက်ဖူးခြင်း တွေ့ကြုံဖူးပါသလား စသည့် မေးခွန်းများ မေးမြန်းခဲ့ရာ သစ်တောဦးစီးက သစ်များကို ကျောင်းဝင်းအတွင်း အဖုံးအကာမရှိ တွေ့မြင်ခဲ့ကြောင်း၊ ခိုးခုတ်နေစဉ် (သို့) ရောင်းချနေစဉ်၌ တွေ့ရှိခဲ့ခြင်း မဟုတ်ကြောင်း၊ သစ်တောဥပဒေတွင် မိမိ လယ်ယာလုပ်ငန်းသုံးအတွက် (သို့) ဘာသာ၊ သာသာနာအတွက် သုံးစွဲခွင့်ရှိပြီး သစ်အမျိုးအစား ခွဲခြားထားကြောင်း၊ ၎င်း၏ လုပ်သက်တစ်လျှောက်တွင် ဘုန်းကြီးကျောင်း ဆောက်ရန်အတွက် သစ်စုဆောင်းထားသည့်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘုန်းကြီးကျောင်း ဆရာတော်အား အရေးယူ ဆောင်ရွက်ခြင်းမျိုး မကြုံဖူးပါဟု ပြန်လည်ဖြေကြားခဲ့သည်။

သစ်တောမှုနှင့် ပတ်သက်၍ လာမည့် ရုံးချိန်းတွင် မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မိုးကုတ်သစ်တောဌာနမှ တောအုပ် ဦးကိုကိုကြီးနှင့် စည်ပင်သာယာရေး ကော်မတီမှ ဦးထွန်းလတ်တို့အား တရားလိုပြ သက်သေအဖြစ် ထွက်ဆိုပေးရန် တရားရုံးမှ ခေါ်ယူထားရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီ ဘုရားများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီတစ်ဆူ တည်ထားကိုးကွယ်ရန် မြေညှိရှင်းလင်းခြင်းတို့ ဆောင်ရွက်ရာမှ တရားမ၀င် ကျောက်မျက်တူးဖော်သည်ဟုဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး သာသနာ ညှိုနွမ်းစေသည်ဟုဆိုကာ စေတီဟောင်းများ၏ အလှူ ရှင်ဟုဆိုသူ ဦးဖေစိန်မှ တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုနှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ၀ယ်ယူစုဆောင်းထားသည့် သစ်များနှင့် ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေ ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုသုံးခုဖြင့် ဇွန် ၉ ရက် ညပိုင်းက ဆရာတော်အား လူဝတ်လဲ၍ ၀င်ရောက် ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိရာ ဆရာတော် အနေဖြင့် တရားရင်ဆိုင်ခဲ့ရသည်မှာ ခုနစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ စေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် စက်ယန္တရားမောင်းသူ အရပ်သား လေးဦးမှာလည်း ဆရာတော်နှင့်အတူ သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုတို့ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

ရေပူကျောင်း ဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင်ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် သာသနာ ညှိုးနွမ်းစေမှုတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စွဲဆိုထားသည့် ပုဒ်မသုံးခုအနက် ကျောက်မျက်မှုနှင့် ပတ်သက်၍ လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံး၌ ဆက်လက် ရုံးထုတ်သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာညှိုးနွမ်းစေမှုအတွက် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၃ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကျောက်မျက်မှုအား ရုံးပြောင်း လျှောက်ထားမှုနှင့် သာသနာ ညှိုးနွမ်းစေမှု ပယ်ဖျက်ပေးရေးနှင့် ပတ်သက်၍ ဇန်န၀ါရီ ၁၂ ရက်က မန္တလေးတိုင်း တရားလွှတ်တော်တွင် နှစ်ဘက် အပြီးသတ် လျှောက်လဲချက် ပေးခဲ့ရာ လျှောက်လဲချက်များအပေါ် တိုင်းတရား လွှတ်တော်ရုံးမှ ဇန်န၀ါရီ ၁၉ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

ယခင်က ရေပူကျောင်း ဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List