ဗြိတိန်တော်ဝင်မင်းသား ဝီလီယံနဲ့ မင်းသမီးကိတ်တို့ မနက်ဖြန်ကျရင် သြစတြေးလျနိုင်ငံမှာ နာမည်ကြီး လှတဲ့ Uluru ကျောက်တောင်ရှိရာကို လည်ပတ်ကြမှာ ဖြစ်ပါတယ်။
အဲဒီအတွက် Uluru Kata-Tjuta အမျိုးသား ဥယျာဉ်က တာဝန်ရှိသူတွေ အစွမ်းကုန် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
Uluru ကျောက်ဆောင်နီကြီးဟာ သြစတြေးလျနိုင်ငံရဲ့ မြောက်ဘက် Northern Territory ဒေသမှာ တည်ရှိပြီး နေဝင်ချိန်အတွင်း ရင်သပ်ရှုမောဖွယ်ကောင်းလောက်တဲ့ ညနေခင်း ဆည်းဆာကို မြင်ရလေ့ ရှိတဲ့အတွက် ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ်မှု များတဲ့နေရာ ဖြစ်ပါတယ်။
တော်ဝင်မိသားစုဝင်တွေရဲ့ ခရီးစဉ်မတိုင်ခင်မှာ မိုးတွေသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကျောက်ဆောင်တွေ စိုထိုင်းနေပြီး အောက်ခြေမှာ ရေတံခွန်တွေ၊ ရေကန်ငယ်တွေ ဖြစ်နေတဲ့အတွက် ပိုပြီးတော့တောင် လှပနေတယ်လို့ ဆိုပါတယ်။
Uluru ကျောက်ဆောင်ကို လည်ပတ်တဲ့သူဦးရေ သိန်းချီရှိပေမယ့် အဲဒီလို မြင်ကွင်းမျိုးကို ကြုံခဲ့ရသူ ၁ % သာရှိတဲ့အတွက် တော်ဝင်မိသားစုတွေအနေနဲ့ ကံကောင်းတဲ့လူတွေရဲ့ စာရင်းထဲ ပါသွားပြီလို့လည်း ပြောဆိုနေကြပါတယ်။
မင်းသား ဝီလီယံ၊ မင်းသမီးကိတ်နဲ့ သားငယ်လေး ဂျော့ဂ်ျတို့ဟာ သြစတြေးလျနိုင်ငံမှာ ၁၀ ရက်ကြာ လည်ပတ်နေတာ ဖြစ်ပြီး ဒီကနေ့မှာတော့ မြို့တော် ကင်ဘာရာမှာ အနားယူနေတာ ဖြစ်ပါတယ်။
ABC
No comments:
Post a Comment