Thursday, April 24, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ကော့သောင်း လူထု ၅၀၀ နီးပါး ဆန္ဒပြ




တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဧပြီလ ၂၃ ရက်နေ့ နံနက် ၈ နာရီက အင်အား ၅၀၀ နီးပါးဖြင့် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး-ဒို့အရေး”၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး-ဒို့အရေး”၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး-ဒို့အရေး” “ပုဒ်မ ၆ (စ) အလိုမရှိ”၊ “ပုဒ်မ ၂၀ (စ) အလိုမရှိ”၊ “ပြည်ထဲရေးနှင့် နယ်စပ်ရေး-သမ္မတ ခန့်အပ်ပေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ပုဒ်မ ၆ (စ)၊ ပုဒ်မ ၂၀ (စ) နှင့် ပုဒ်မ ၄၃၆ တို့သည် တပ်မတော်၏ အခန်းကဏ္ဍကို အဓိက ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် ရည်ရွယ် ပြဋ္ဌာန်းခဲ့သည်ဟု ဆိုကာ ပြင်ဆင်ရန် တောင်းဆိုကြခြင်း ဖြစ်သည်။

“ဒီဥပဒေက အမှန်တကယ် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေကလည်း ဒါကိုပဲ လိုလားကြပါတယ်” ဟု ကော့သောင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါက်တာဦးခင်မောင်ဝင်းမှ ပြောကြားခဲ့သည်။

ကော့သောင်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှလည်း ရဲအင်အား နည်းသည့်ကြားမှ ဆန္ဒပြပွဲအတွက် လုံခြုံရေး အပြည့်အဝ ပေးခဲ့ပြီး တစ်စုံတစ်ခု အမှားအယွင်း မရှိခဲ့ဘဲ သတ်မှတ်အချိန် ဖြစ်သည့် နံနက် ၉ ခွဲ အချိန်တွင် ဆန္ဒပြပွဲ ပြီးဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ဥပဒေ အထောက်အကူပြု ကော်မတီဝင် အထက်တန်းရှေ့နေ ဦးခင်ဇော်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲများကို မတ်လ ၂၆ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် ထားဝယ်နှင့် မြိတ်တို့တွင် ပြုလုပ်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List