Thursday, April 24, 2014

ပိုလန်နှင့် ဘောလ်တစ်ဒေသ မဟာမိတ်နိုင်ငံများသို့ အမေရိကန်တပ်များစေလွှတ်



ဥရောပ အရှေ့ပိုင်းနှင့် ဘောလ်တစ် ဒေသမှ မဟာမိတ် နိုင်ငံများကို ကာကွယ်ပေးရန်အတွက် အမေရိကန်က စစ်သည်များ စေလွှတ်ဖြန့်ကျက်ပေးခဲ့ကြောင်း သိရှိရသည်။ 
ရုရှားနိုင်ငံက ခရိုင်းမီးယား ဒေသကို သိမ်းပိုက်ခဲ့သည့်အပြင် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာကိုပါ ထိပါးလာသည့်နောက် အိမ်နီးချင်း နိုင်ငံများတွင် ရုရှား၏ အန္တရာယ်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။ ထိုအခြေအနေတွင် အမေရိကန်နှင့် NATOတပ်ဖွဲ့များက ပိုလန်အပါအဝင် ဘောလ်တစ်နိုင်ငံများ၏ လုံခြုံရေးကို ကူညီအားဖြည့်ပေးသည့် ခြေလှမ်း စတင်လာခဲ့သည်။ 

အမေရိကန်စစ်သည် (၆၀၀)တို့သည် ပိုလန်နှင့် ဘောလ်တစ်ဒေသများတွင်ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့သည်။

အီတလီနိုင်ငံ၊ ဗင်ဆန်ဇာရှိ အမေရိကန် အမှတ်(၁၇၃) လေထီးတပ်မှ စစ်သည် (၁၅၀)တို့သည် ပိုလန်သို့ ဗုဒ္ဓဟူးနေ့တွင် စတင်ရောက်ရှိလာခဲ့သည်။ ထို့အပြင် အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့တွင်လည်း အမေရိကန်စစ်သည် (၄၅၀)မျှသည် လာမည့်ရက်ပိုင်းအတွင်း ဖြန့်ကျက်နေရာယူသွားမည်ဟု ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့သည်။ “ရုရှားက ယူကရိန်းအပေါ် ရန်လိုခြိမ်းခြောက်လာတဲ့နောက် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်မဟာမိတ် တပ်ဖွဲ့တွေနဲ့ လက်တွဲဖော်တွေရဲ့ လုံခြုံရေးကို သေချာစေဖို့ လုပ်ဆောင်သွားမှာပါ”ဟု နောက်တန်း သေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

၎င်းကပင် ဥရောပရှိ မဟာမိတ်များအတွက် အလွန်အရေးပါပြီး အထောက်အကူဖြစ်စေမည့် စစ်ရေးဖြန့်ကျက်မှုများကို ထောက်ပံ့ သွားရန် အမေရိကန်က ဆုံးဖြတ်ထားကြောင်းလည်း အသိပေးသွားသည်။ 

၎င်းက “ဒီတပ်ဖြန့်မှုဟာ မော်စကိုအတွက် သတင်းစကားတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဥရောပ အရေးကို အလေးအနက် စိတ်ဝင်စားဆဲဆိုတာပြသလိုက်တာပါပဲ”ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ အမေရိကန်သည် ယူကရိန်း ပြဿနာ အစပြုကတည်းက F-16 တိုက်လေယာဉ် (၁၂)စင်းကိုလည်း ပိုလန်သို့ ပို့ဆောင်ပေးထားပြီး ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List