Thursday, April 24, 2014

ဘိုလီးဗီးယား အဆင့်နိမ့် စစ်အရာရှိ ၁ သောင်းကျော် ဆန္ဒပြ




ဘိုလီးဗီးယားနိုင်ငံ စစ်တပ်ထဲက အဆင့်နိမ့်အရာရှိ အယောက် ၁ သောင်းကျော်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ပြန်တမ်းဝင်အရာရှိ မဟုတ်သူတွေအတွက် အခွင့်အရေးတွေ ပေးဖို့ ရည်ရွယ်တဲ့ စစ်တပ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သမ္မတ အီဗိုမိုရေးစ်ကို တိုက်ရိုက် စကားပြောခွင့် တောင်းဆိုခဲ့ကြ ပါတယ်။

ထောင်နဲ့ချီတဲ့ စစ်သားတွေက ကာကွယ်ရေးဝန်ကြီးဌာနရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ကြပြီး ပိုညီမျှတဲ့ ဆက်ဆံမှုကို တောင်းဆိုခဲ့ကြပါတယ်။

စစ်သည်တွေက သူတို့ဟာ တိုင်းရင်းသားတွေ ဖြစ်နေလို့ တိုင်းပြည်ရဲ့ ထိပ်တန်း စစ်တက္ကသိုလ်တွေကို မတက်ရောက်နိုင်ဘူးလို့ ဆုပါတယ်။

ဒါကြောင့် စစ်တပ်တွင်း ရာထူးတိုးမှု မရဘူးလို့ အခိုင်အမာပြောရင်း လူမျိုးရေးခွဲခြားမှုနဲ့ ဖိနှိပ်ခံရမှုတွေရဲ့ သားကောင်တွေလို့ သူတို့ကိုယ် သူတို့ ပြောပါတယ်။

ဆန္ဒပြပြီးတဲ့နောက် စစ်သားတွေနဲ့ သူတို့ရဲ့ အထက်အရာရှိတွေ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ကာကွယ်ရေးဝန်ကြီး ရူဘန် စာဘင်ဒရာကတော့ ပြန်တမ်းဝင် အရာရှိမဟုတ်သူတွေနဲ့ အကြီးတန်းအရာရှိတွေကြား ညှိနှိုင်းမှုတွေကို ဆက်လုပ်မယ်လို့ ပြောဆို တုံ့ပြန်ပါတယ်။

ဒီဆန္ဒပြအုပ်စုဟာ သမ္မတနဲ့ တွေ့ဖို့ တောင်းဆိုရေး သံခင်းတမန်ခင်း ကျင့်ဝတ်တွေကို လိုက်နာရမယ် လို့လည်း သူက ထပ်ပြောပါတယ်။

ဧပြီ ၂၂ ရက်နေ့ ဆန္ဒပြပွဲက ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးပေမယ့် ဆန္ဒပြခေါင်းဆောင် ၄ ယောက်ကို စစ်တပ်ကနေ ထုတ်လိုက်လို့ တင်းမာမှုတွေ မြင့်မားခဲ့ပါတယ်။

လက်နက်ကိုင်တပ်ထဲမှာ စည်းကမ်းမရှိတာကို ခွင့်မပြုတဲ့အတွက် အခုလိုထုတ်ပယ်တာလို့ ကာကွယ် ပြောဆိုပါတယ်။

ဒါပေမယ့် စစ်သည်တွေရဲ့ ဇနီးတွေကတော့ ဒေါသထွက်နေတာ ဖြစ်ပါတယ်။

အဆင့်နိမ့် စစ်အရာရှိတဦးရဲ့ ဇနီးသည် စန်ဒရာလိုပတ်က “ကျမတို့က တပ်ထဲက ဘယ်ရာထူးကြီးသူနဲ့မှ၊ ၀န်ကြီးနဲ့မှ၊ အုပ်ချုပ်ရေးအရာရှိနဲ့မှ မညှိနှိုင်းချင်ဘူး။ တောင်းဆိုတာက ကာကွယ်ရေး ပြန်တမ်းဝင် အရာရှိတယောက် ဖြစ်ဖို့ပါ။ သမ္မတကိုပဲ တောင်း ဆိုချက် နားထောင်ပေးဖို့ တောင်းဆိုချင်တယ်။ ကျမတို့က သူ့ကလေးတွေပဲ” လို့ ပြောပါတယ်။စစ်သည်တဦးကလည်း ညီမျှမှုကို လိုချင်တာလို့ ပြောပါတယ်။

ဆန္ဒပြစစ်သည်တွေရဲ့တောင်းဆိုချက်ထဲမှာ ညီမျှတဲ့ သင်တန်းပေးမှု အခွင့်အရေး၊ ပညာရေးအဆင့်အပေါ် အခြေခံတဲ့ ရာထူးအလားအလာနဲ့ လစာ အိမ်ရာနဲ့ ၀တ်စုံ စတဲ့ နယ်ပယ်တွေမှာ ဖိနှိပ်ခွဲခြားမှုတွေကို နှိမ်နင်းဖို့ ဖြစ်ပါတယ်။

ဧပြီ ၂၂ ရက်နေ့ ဆန္ဒပြမှုဟာ ဘိုလီဗီးယားနိုင်ငံသမိုင်းမှာ စစ်သားအများစုက အထက်အရာရှိတွေကို ဆန့်ကျင် ဆန္ဒပြတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List