Saturday, April 26, 2014

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း အထိမ်းအမှတ် ဆုတောင်းပွဲများ မြို့ကြီးများတွင် ကျင်းပ


ဒီမိုကရေစီ တောင်းဆိုမှုများတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သည့် ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဈာပန အခမ်းအနား ကျင်းပသော ဧပြီလ ၂၃ ရက်နေ့တွင် ဟင်္သာတ၊ မော်လမြိုင်၊ မန္တလေး၊ တောင်ငူနှင့် မုံရွာ မြို့ကြီးများတွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။
ဦးဝင်းတင် ကွယ်လွန်သွားခြင်းသည် အမှောင်တိုက်ထဲတွင် ကြယ်တစ်ပွင့် ကြွေလွင့်သွားသည်ဟု ခံစားရသည့်အတွက် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး၌ ခုနစ်ရက်တိုင် ဂုဏ်ပြုပွဲ ကျင်းပမည် ဖြစ်ကြောင်း ယင်းမြို့နယ် အတွင်းရေးမှူး ဦးတင်လှိုင်က ပြောကြားခဲ့သည်။

“ရန်ကုန်မှာ ကျင်းပတဲ့ ဂူသွင်း သင်္ဂြိုဟ်တဲ့ဆီ မလိုက်နိုင်တဲ့သူ ၈၀၀ လောက်က ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ ရုံးမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသရွေ့ မချွတ်တမ်း ဝတ်ဆင်ထားမည် ဆိုသော ဦးဝင်းတင်၏ အကျဉ်းသား အင်္ကျီအပြာရောင်များကို နဖူးတွင် စီး၍ ဟင်္သာတမြို့ ဦးပါရဲဘုရားသို့ လမ်းလျှောက် ဆုတောင်းပေးကြကြောင်း ဟင်္သာတမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

“နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်ကြီး တစ်ဦးပါ။ တိုင်းရင်းသားအားလုံး အတွက် အလုပ်လုပ်သွားခဲ့တာကြောင့် ဦးဝင်းတင်ရဲ့ ကဗျာတွေ ရွတ်ဆိုခဲ့ပြီး အမျှအတန်း ပေးဝေခဲ့ကြပါတယ်” ဟု ဟင်္သာတမြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပညာရေးကွန်ရက်မှ ဒေါ်ဆွေဆွေနွယ်က ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်က သေဆုံးခဲ့သည့် အသက် ၈၅ နှစ် အရွယ်ရှိ သတင်းစာဆရာကြီး ဦးဝင်းတင် အထိမ်းအမှတ် ဆုတောင်းမေတ္တာပို့ ဂုဏ်ပြပွဲကို တောင်ငူခရိုင် အတွင်းရှိ ရေတာရှည်၊ ဖြူးနှင့် အုတ်တွင်း မြို့များတွင်လည်း ကျင်းပခဲ့ကြသည်။

ရေတာရှည်မြို့နယ် NLD ပါတီရုံးတွင် ဦးဝင်းတင် ရက်လည်ဆွမ်း ကျွေးမည့် ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ၌ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာများကို ပင့်ဖိတ်၍ တရားနာ အမျှပေးဝေမည်ဟု ယင်းမြို့နယ်၏ NLD ပါတီ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဦးဝင်းတင်သည် သူယုံကြည်ရာကို ဘဝတစ်လျှောက်လုံး ခိုင်ခိုင်မာမာ ရပ်တည်ပြီး လုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်သောကြောင့် တန်ဖိုးထား လေးစားရမည့်သူ ဖြစ်ကြောင်း၊ အရပ်သား နိုင်ငံရေးသမားတစ်ဦး အနေဖြင့် လေးစား အားကျရသည့် နိုင်ငံရေးသမားဟောင်းကြီးလည်း ဖြစ်ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနန္ဒက ပြောကြားခဲ့သည်။

မုံရွာမြို့တွင်လည်း ရွှေစည်းခုံဘုရားသို့ သံဃာတော်များ ပင့်ဖိတ်၍ ဦးဝင်းတင်အတွက် အမျှအတန်း ပေးဝေ မှုများ ပြုလုပ်ခဲ့ကြသည်။

“အာဏာရှင်စနစ် နောက်တစ်ဖန် ပြန်လည်ဦးမော့မလာဖို့ အမျိုးသားရေးကိစ္စတွေမှာထိ ထိရောက်ရောက် ဆောင်ရွက်သွားတဲ့အတွက် တတ်နိုင်သလောက် လုပ်ပေးတာပါ” ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများ လူမှုကွန်ရက်မှ ဦးညီပုက ပြောကြားသည်။

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်က ဦးဝင်းတင် ဆုံးပါးခြင်းအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ပြီး ညနေ ၅ နာရီအချိန်တွင် ဦးဝင်းတင် အောက်မေ့ဖွယ် ပန်းခြင်းနှင့် ဦးဝင်းတင် ဝတ်ဆင်ခဲ့သော အပြာရောင်အင်္ကျီ တို့ကို ဧရာဝတီမြစ်အတွင်း ရေမျောပွဲ ပြုလုပ်ခဲ့သည်။

ကြေးမုံသတင်းစာတိုက်ကို ဦးဆောင် တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည့် ဦးဝင်းတင်ကို ပဲခူးတိုင်းဒေ သကြီး ကြို့ပင်ကောက် မြို့နယ်အတွင်း မွေးဖွားခဲ့ပြီး ဒီမိုကရေစီအရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် နှစ် ၂၀ နီးပါး ကျခံခဲ့ရသော်လည်း NLD ပါတီ၏ ဦးဆောင်နာယကအဖြစ် ၎င်းမကွယ်လွန်ခင်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အသက် ၈၅ နှစ်ရှိ ဦးဝင်းတင်သည် ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်က ရန်ကုန်ပြည်သူ့ဆေး ရုံကြီး အထူးကြပ်မတ် ကုသဆောင်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ဧပြီလ၂၃ ရက်နေ့ ညနေ ၅ နာရီ အချိန်၌ ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့ရာ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူ လူထု ခြောက်သောင်းခန့် တက်ရောက် ဂါရဝပြုခဲ့ကြရာ သခင်ကိုယ်တော်မှိုင်း၏ ဈာပနပြီးလျှင် အစည် ကားဆုံး ဈာပနဖြစ်ခဲ့ကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သည့် စာရေးဆရာ လေးကိုတင်က မှတ်ချက်ပြုခဲ့ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List