Friday, April 25, 2014

ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်းများ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ထပ်မပေးတော့ဟု စည်ပင်ပြောကြား




ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများဖျက်၍ အရက်ဘီယာဆိုင်၊ ရှော့ပင်းစင်တာနှင့် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ယခုနောက်ပိုင်းတွင် ထပ်မပေးတော့ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ပန်းခြံစုစုပေါင်း ၆၃ ခု (တစ်မြို့နယ်ပျမ်းမျှ နှစ်ခုနီးပါး)နှင့် အားကစားကွင်း ၉၉ ခု (တစ်မြို့နယ်ပျမ်းမျှသုံးခု)သာ ရှိကြောင်း သိရသည်။

အများပြည်သူ အပန်းဖြေရာ ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ အရက်ဘီယာ၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်း လုပ်ကိုင်ရန် ပေးခဲ့မှုများမှာ များပြားစွာရှိခဲ့ပြီး အဆိုးဆုံးအနေဖြင့် ရွှေတိဂုံဘုရားနှင့် မျက်နှာချင်းဆိုင် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းစင်တာ တည်ဆောက်လုပ်ကိုင်ခွင့် ပေးမှုနှင့် ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်အတွင်း ဧက ၆၀ ကျော်ကို ကုမ္ပဏီသုံးခုသို့ လုပ်ကိုင်ခွင့် ပေးခဲ့မှုဖြစ်သည်။

ထိုသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းများမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်းတွင် ပန်းခြံများအတွင်း အရက်ဘီယာနှင့် စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယင်းအပြင် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ကန်သာယာပန်းခြံ၊ ၈ မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံများအတွင်း စီးပွားဖြစ်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် အပေါ်၌လည်း ပန်းခြံအဖြစ်သာ ထားရှိပြီး ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်၍ အတည်ပြု ပြောကြားခဲ့သည်။

ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ဧက ၆၀ ကျော်ကို လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ Natural World၊ Happy Zone၊ ရေလွှာကစားနည်း ကုမ္ပဏီတို့ဖြစ်ပြီး ယခင် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကန်တော်မင်၊ မြိုင်ဟေ၀န်၊ မြကျွန်းသာ၊ ကန်တော်ကြီး စသည်ဖြင့် ရန်ကုန်မြို့၏ အချက်အချာကျ နေရာများရှိ ပန်းခြံနှင့် ဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ ဧရိယာများစွာကို လုပ်ကိုင်ခွင့်ပြုထားပြီး အရက်ဘီယာဆိုင် များစွာကိုလည်း ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ပန်းခြံပေါင်း ၆၃ ခုရှိသည်ဟု ဆိုသော်လည်း ရန်ကင်းပန်းခြံကဲ့သို့ အမှန်တ ကယ်အပန်းမဖြေနိုင်သည့် ပန်းခြံငယ်၊ ကျဉ်းကျဉ်းကျပ်ကျပ် ပန်းခြံလေးများ အများအပြား ပါဝင်လျက်ရှိသည်။

ပန်းခြံများအပြင် အားကစားကွင်းများ အချို့ကိုလည်းဖျက်၍ အိမ်ရာများ ဆောက်လုပ်ရောင်းချခဲ့မှု၊ အိမ်ရာဆောက်လုပ် ရောင်းချရန် ပုဂ္ဂလိကသို့ လွှဲပြောင်းထားမှု များရှိကြောင်း သိရသည်။

ဥပမာအားဖြင့် ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်းသွယ်(၁)ထိပ်ရှိ မည်သူမဆို လွတ်လပ်စွာ ကစားနိုင်သည်ဟူသော အားကစားကွင်း နေရာကိုဖျက်၍ အိမ်ရာဆောက်လုပ် ရောင်းချခဲ့မှု၊ သိမ်ဖြူအားကစားကွင်းအား ယာဉ်မောင်းသင်ကွင်းအဖြစ် ပြောင်းလဲသုံးပြီးနောက် အားကစားကွင်း မဟုတ်တော့ ဟုဆိုကာ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့မှုများ ဖြစ်သည်။

သိမ်ဖြူယာဉ်မောင်းကွင်းအား လေလံတင်၍ Asia Myanmar Consortium Development ကုမ္ပဏီသို့ စည်ပင်နှင့်စီးပွား ဖြစ်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခဲ့သည်မှာ လက်ရှိရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ လက်ထက်၌ ဖြစ်သည်။

တစ်မြို့နယ်လျှင် ပျမ်းမျှအားဖြင့် ကစားကွင်း သုံးခုရှိသည်ဟု စာရင်းအရ ပေါ်နေသော်လည်း ပြုပြင်ခြင်းမရှိ၍ အများပြည်သူ အမှန်တကယ် အသုံးမပြုနိုင်သော အားကစားကွင်းများ၊ ဖျက်၍အိမ်ရာ ဆောက်လိုက်သည့် အားကစားကွင်းများကြောင့် အမှန်တကယ် သုံးနိုင်သည့် အားကစားကွင်းမှာ အနည်းအကျဉ်းသာ ရှိသည်ဟု သိရသည်။

ပန်းခြံ၊ အားကစားကွင်းများ သာမကဘဲ ရန်ကုန်မြို့ရှိ အချက်အချာကျ နေရာတွင်ရှိသော ပြည်သူပိုင်မြေ၊ ဈေးနေရာများကိုပါ ယခင်မြို့တော်ဝန် လက်ထက်က ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List