Wednesday, April 23, 2014

အတိုက်ခံရသည့် အမ်အေအိုင်လေယာဉ်သည် သမ္မတစီးသည့် လေယာဉ် ဟုဆို




အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI), A319, Airbus XY-AGR ကို မတော်တဆ လာရောက် ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်သည် သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ် သွားသည့်အခါ အသုံးပြုသည့် လေယာဉ်ဖြစ်သည်ဟု အဆိုပါ လေကြောင်းလိုင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။

ဦးခင်မောင်လတ်က “ဒီလေယာဉ်က သမ္မတသုံးတဲ့ လေယာဉ် ဖြစ်တယ်။ ဒီလေယာဉ်က တော်တော် ကောင်းတယ်။ အဲဒါကြောင့် အရမ်းနှမြောတယ်” ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ရုံးချုပ်တည်ရာ ဆာကူရာတာဝါတွင် ယခုလ ၂၂ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် Golden Myanmar Airline (GMA) ပိုင် XY-AGT လေယာဉ်အား Bay-1 မှ လေယာဉ်ထွက်ခွာရာနေရာသို့ ဆွဲလာပြီး လေယာဉ်ဆွဲယာဉ်မှ ဖြုတ်လိုက် စဉ် လေယာဉ်သည် ပေ ၁,၆၀၀ ခန့် အကွာအဝေးသို့ ဆက်လက်ရွေ့လျားသွားပြီး Bay -2 တွင် ညအိပ် ရပ်နားထားသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းပိုင် XY-AGR လေယာဉ်၏ နောက်ပိုင်းသို့ GMA လေယာဉ်ဦးပိုင်းဖြင့် အရှိန်မထိန်းနိုင်ဘဲ တည့်တည့်ဝင်တိုက်မိခြင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဦးခင်မောင်လတ်က “GMA လေယာဉ်ရဲ့ လေယာဉ်မှူးအခန်းထဲမှာ အင်ဂျင်နီယာ နှစ်ယောက် ပါတယ်။ လေယာဉ်အပေါ်နဲ့ အောက်ဆက်သွယ်တဲ့ သူလည်းရှိတယ်။ လုပ်ရမယ့် အစီအစဉ်အတိုင်း မလုပ်လို့ဖြစ် ရတာ။ လေကြောင်းလိုင်းတွေ အရမ်း များလာတယ်။ တကယ်ကျွမ်းကျင်တဲ့သူ ဟုတ်လား၊ မဟုတ်လား ဆိုတာ မသိဘူး” ဟု ပြောသည်။

လက်ရှိတွင် လေယာဉ်ထုတ်လုပ်သည့် ပြင်သစ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာမခံထားသည် စင်ကာပူ နိုင်ငံ Pana Harrison မှ တာဝန်ရှိသူများက လာရောက် စစ်ဆေးလျက်ရှိပြီး MAI လေယာဉ် အလုံးစုံ အာ မခံအတွက် အမေရိကန်ဒေါ်လာ ၇၅၀ သန်းထားရှိပြီး လေယာဉ်ကိုယ်ထည် အာမခံ တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ထားသည်ဟု ဆိုသည်။

၎င်းက “အဲဘတ်စ်ထုတ်လုပ်တဲ့ ပြင်သစ်ကုမ္ပဏီက ကြီးမားတဲ့ ပျက်စီးမှုလို့ ပြောတယ်။ အာမခံပေါ်လစီ အတိုင်း သွားမယ်” ဟု ဖြည့်စွက်ပြောသည်။

MAI လေယာဉ်၏ ညာဘက်နောက်ပိုင်း Frame 62 မှ Fraqme 71 ညာဘက်ခြမ်း ညာဘက်တံခါးပေါက် Nose Landing Gear နှင့် Toilet No-2 တို့ ပျက်စီးသွားပြီး GMA လေယာဉ်မှ Radome မှာ မြေပြင်သို့ ပြုတ်ကျပြီး Nose Section ပျက်စီးသွားသည်။

တိုက်မိခံရသည့်MAI လေယာဉ်သည် အသုံးပြုခဲ့သည့်သက်တမ်း ၁၂နှစ်ခန့်ရှိပြီး မြန်မာနိုင်ငံတွင် လေ ယာဉ်သက်တမ်းမှာ နှစ် ၂၀ ကျော်အထိ အသုံးပြုနိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List