Wednesday, April 23, 2014

နိုင်ငံအနှံ့မှ တိုင်းရင်းသားလူငယ်များ ထားဝယ်တွင် တွေ့ဆုံမည်



မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာတွင် ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့ (DYF) မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ပြောကြားသည်။

တိုင်ရင်းသား လူငယ်များနှင့် အခြားအဖွဲ့များအကြား ဆက်သွယ် ဆက်ဆံရေး အားကောင်းလာစေရန်၊ အနာဂတ် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများအတွက် အတူတကွ လက်တွဲပူးပေါင်း လုပ်ဆောင်နိုင်မည့် နည်းဗျူဟာများကို ဖော်ဆောင် လာနိုင်ရန်နှင့် ဒေသအတွင်း မှန်ကန်သော သတင်းချိတ်ဆက်မှု ကွန်ရက် တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် တွေ့ဆုံပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ် ၂၀၀ ဦးကျော် တက်ရောက်ကာ တွေ့ဆုံ ဆွေးနွေးကြလိမ့်မယ်” ဟု ဦးဘိုဘိုအောင်က ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲ ကာလအတွင်း တိုင်းရင်းသားပေါင်းစုံ ရိုးရာစားစရာ မုန့်ရောင်းပွဲတော် ပြုလုပ်ခြင်း၊ တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့အပြင် ထားဝယ် ယဉ်ကျေးမှု ပြခန်းတို့ကိုလည်း ခင်းကျင်း ပြသသွားမည်ဟု သိရသည်။

တွေ့ဆုံပွဲသို့ လာရောက်သူများမှ အဖွဲ့၏ လှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များကို လှုပ်ရှားမှု ဓာတ်ပုံများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး၊ မဂ္ဂဇင်း စသည့်များကို ပြင်ဆင်လာကြပြီး ပြသသွားလိမ့်မည်ဟု ဦးဘိုဘိုအောင် က ရှင်းပြသည်။

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပလာသော မြန်မာနိုင်ငံလုံး ဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲများကို ပထမကြိမ်အဖြစ် မွန်ပြည်နယ် မုဒုံမြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် လည်းကောင်း၊ တတိယအကြိမ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ရှမ်းပြည်နယ် (တောင် ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးတွင် လည်းကောင်း၊ ပဉ္စမအကြိမ်ကို ကရင်ပြည်နယ် မဲဆမိတ် ကျေးရွာ တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် ဆဋ္ဌမ အကြိမ်ကို ထားဝယ်ဒေသတွင် ပြုလုပ်ခြင်း ဖြစ်သည်။

ယင်းလူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ကလျာဏမိတ္တ ဖောင်ဒေးရှင်း၊ ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့နှင့် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) တို့ ပူးပေါင်း၍ လုပ်ဆောင်မည်ဟု သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List