Saturday, April 26, 2014

တရားရေးဝန်ထမ်း အကျင့်ပျက်လာဘ်စားမှု များပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်ထားသည့်ပုံစံ ပြင်ဆင်ရန်လိုကြောင်း FES မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ပြောကြား


တရားရေး ၀န်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်အပ်ထားသည့် ပုံစံအား ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Media Law Consultant နှင့် University of Ulster, School of Law မှ Senior Lecturer Dr.Venkat Iyer က Eleven Media Group ၏မေးမြန်းမှု အပေါ် ဖြေကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် အမုန်းစကားများ ဖြန့်ဝေသည့် အနေအထားများအပေါ် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ဥပဒေကျွမ်းကျင် ပညာရှင်ဖြစ်သည့် Dr.Venkat Iyer အား ဖိတ်ခေါ်၍ ဆွေးနွေးဟောပြောပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲအား ဧပြီ ၂၄ ရက်က ရွှေသံလွင်ပိုင် Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

Dr.Venkat Iyer သည် မြန်မာနိုင်ငံတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးဆောင်ရေးဆွဲနေသည့် မီဒီယာဥပဒေများနှင့် လက်ရှိပြဋ္ဌာန်းပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ စသည့်ဥပဒေများအတွက် နည်းဥပဒေများ ဆွေးနွေးရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ ဥပဒေဆိုင်ရာ အကြံပြုရန် လာရောက်သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ တိုင်စာများတွင် တရားသူကြီးများ အပါအ၀င် တရားရေးဝန်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများအပေါ် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီသို့ တိုင်ကြားမှုမှာ စုစုပေါင်း တိုင်ကြားမှု၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ရှိနေကြောင်း သိရသည်။ ထို့ပြင် တရားစီရင်ရေး မဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွက်ဖက်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

"တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားစီရင်ရေးက အဂတိလိုက်စားနေတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ အဂတိလိုက်စား နေတယ်ဆိုတာအပြင် အဂတိလိုက်စားနေတယ်လို့ မြင်ရင်ကို မကောင်းပါဘူး။ ဘယ်လိုပြုပင်မလည်းဆိုရင် တရားသူကြီးတွေကို ခန့်ထားတဲ့ပုံစံကို ပြင်ဖို့လိုပါတယ်" ဟု Dr.Venkat Iyer က ဆိုသည်။

တရားသူကြီးများအား ခန့်အပ်ရာတွင် ခန့်အပ်ခံရသည့် တရားသူကြီးများသည် ဥပဒေပညာအား အကြွင်းမဲ့ တတ်ကျွမ်းသူဖြစ်ရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ နာမည်ရသူ၊ နာမည်ကြီး ရှေ့နေများအား တရားသူကြီးများအဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း Dr.Venkat Iyer က ထောက်ပြပြောဆိုသည်။

"နာမည်ကြီးရှေ့နေတွေဆိုတာ ပိုက်ဆံအများကြီးရတဲ့ သူတွေပါ။ ရတဲ့ ပိုက်ဆံကို ပစ်ပယ်ပြီးတော့ ပြည်သူ့ဝန်ထမ်းဖို့ဆိုရင် သူတို့ကို မက်လုံးတွေ ပေးနိုင်ရပါမယ်။ မက်လုံးအပြင် ပိုက်ဆံရပြီးရင် လူထုဝန်ကို ထမ်းနိုင်ဖို့လိုတယ်ဆိုတဲ့ အချက်ကို ထောက်ပြနိုင်ဖို့ လိုပါတယ်" ဟု Dr.Venkat Iyer က ဆက်လက်ပြောကြားသည်။

ထို့ပြင် တရားသူကြီးများအား အခါအားလျော်စွာ သင်တန်းပေးခြင်း လုပ်ငန်းစဉ်အား လုပ်ကိုင်ရမည်ဖြစ်ပြီး အဆိုပါ အချက်သည် အရေးကြီးသော အချက်ဖြစ်ကာ တရားသူကြီးများသည် အမြဲတစေလေ့လာ သင်ယူနေသူများ အဖြစ်သို့ ရောက်ရှိလာစေမည် ဖြစ်ကြောင်းလည်း Dr.Venkat Iyer က ပြောကြားသည်။

"တရားသူကြီးတွေ အနေနဲ့ အရေးကြီးတာတစ်ခုက ပြည်ပနိုင်ငံတွေကို သွားရောက်ဖူးဖို့ပါ။ တခြားနိုင်ငံက တရားသူကြီးတွေ ဘာလုပ်နေတယ်ဆိုတာ သိရှိလေ့လာဖို့ လိုပါတယ်။ တရားသူကြီးဆိုတာ ရှေ့နေလို မဟုတ်ပါဘူး။ တရားသူကြီးဖြစ်တာနဲ့ ပါးစပ်ပိတ်နေ ရပါတယ်။ ဒါပေမဲ့ တရားသူကြီးဟာလည်း လူသားတစ်ဦးဖြစ်တဲ့အတွက် စကားပြောနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရပါမယ်။ သင်တန်းတွေ တက်ရောက်တဲ့အခါ ပြောခွင့်တွေရလာမယ်။ 
 
တရားသူကြီး အချင်းချင်းအကြား၊ နိုင်ငံအချင်းချင်းအကြားမှာ ဆွေးနွေးခွင့်တွေ ရလာမယ်။ ဒါမျိုးတွေ လုပ်နိုင်ပြီဆိုရင် တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင်ပါမယ်" ဟု ၎င်းကဆိုသည်။

တရားသူကြီးများ အနေဖြင့် လွတ်လပ်သည့်၊ မည်သူ့ကိုမျှ မကြောက်ရသည့်၊ အလုပ်ခန့်ထားသူမှ အလုပ်ဖြုတ်မည့် အခြေအနေကို မကြောက်ရွံ့သည့် စိတ်ဓာတ်များနှင့် ခေတ်ကာလအလိုက် လိုက်လျော ညီထွေသည့် အသိပညာများနှင့် ပြည့်စုံရန် လိုအပ်ကြောင်းလည်း Dr.Venkat Iyer က ဆက်လက်ပြော ကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List