Friday, April 25, 2014

အစိုးရ၏ ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် အီရန်တွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်




အီရန်တွင် အစိုးရမှ ဓာတ်ဆီများအပေါ် ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ညတွင်းချင်းပင် ဓာတ်ဆီဈေးနှုန်းများ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အီရန်နိုင်ငံသားများမှာ ဖြတ်တောက်မှု မတိုင်ခင်အတွင်း ၎င်းတို့၏ ကားများကို ဆီဖြည့်ရန် အပြေး အလွှား လုပ်ဆောင်ခဲ့ကြကြောင်း သတင်းများက ဆိုသည်။
အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် ဆိုးရွားစွာ ထိခိုက်နေသည့် အီရန်နိုင်ငံ၏ စီးပွားရေးကို ၎င်းလုပ်ဆောင်မှုဖြင့် အထောက်အကူပြုနိုင်ရန် သမ္မတ ဟာဆန်ရိုဟာနီ အစိုးရမှ မျှော်လင့်လျက်ရှိသည်။

ဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အီရန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဓာတ်ဆီဈေးနှုန်း အချိုသာဆုံးနိုင်ငံများ စာရင်းဝင်ဖြစ်နေဆဲ ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူများ၏ လေးပုံတစ်ပုံခန့်မှာ အလုပ်လက်မဲ့များ ဖြစ်ကြသည့်အတွက် ဈေးနှုန်းမြင့်တက်မှုကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ကြောင်း လေ့လာဆန်းစစ်သူများမှ ပြောဆိုကြသည်။

ဓာတ်ဆီဈေးနှုန်းမှာ ရေသန့်ဗူးဈေးနှုန်းထက် ပိုမို ချိုသာနေသည့်အတွက် အစိုးရ၏ ဓာတ်ဆီအပေါ်တွင် အထောက်အပံ့ပေးမှုများကို အပြစ်တင်ခဲ့ကြသည်။ ယာဉ်တစ်စီးချင်းစီအတွက် ကန့်သတ်ပမာဏ သက်မှတ်ထားသည့် အစိုးရမှ အထောက်အပံ့ပေးထားသော ဓာတ်ဆီဈေးနှုန်းမှာ ၁ လီတာလျှင် ၀.၁၆ အမေရိကန်ဒေါ်လာနှုန်း ရှိခဲ့ပြီး ညတွင်းချင်းပင် တစ်လီတာလျှင် ၀.၂၈ အမေရိကန်ဒေါ်လာနှုန်း မြင့်တက်ခဲ့သည်။ ကန့်သတ်ထားသည့် ပမာဏ၏ ပြင်ပဈေးကွက်တွင် တစ်လီတာလျှင် ၀.၃၉ အမေရိကန်ဒေါ်လာအထိ ဈေးနှုန်း ရောက်ရှိခဲ့သည်။ ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများမှာလည်း အလားတူပင် မြင့်တက်လာခဲ့သည်။

ဈေးနှုန်းချိုသာသည့် လောင်စာဆီများကို ၂၀၀၇ ခုနှစ်အတွင်းက ပထမဆုံး အကြိမ်အဖြစ် ရာရှင်စံနစ်ဖြင့် ရောင်းချခဲ့ခြင်းကြောင့် ဓာတ်ဆီဆိုင် တစ်ချို့တွင် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်သွားပြီး နောက်ပိုင်းတွင် မည်ကဲ့သို့ မငြိမ်မသက်ဖြစ်မှုမျိုးကိုမှ သိရှိရခြင်း မရှိသေးပေ။

“ ပြည်နယ်ဒေသကြီးတွေ၊ မြို့နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီအစီအစဉ်ကို လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ နှစ်လကြောအောင် ပြင်ဆင်ဆောင်ရွက်ခဲ့ရပါတယ် ” ဟု ပြည်ထဲရေး ဝန်ကြီး အဗ္ဗဒိုရီဇာဖဇ်လီမှ ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်းတွင် အီရန်၌ လျှပ်စစ်ဓာတ်အားခ ၂၄ ရာခိုင်နှုန်းနှင့် ရေဈေးနှုန်းများ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်လုပ်ဆောင်မှုများကို လျော့ချပြီး နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရန် သမ္မတ ရိုဟာနီမှ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လတ်တလောကာလတွင် ဆွေးနွေးလျက် ရှိသည်။

Ref: BBC
The Myanmar Age

No comments:

Post a Comment

My Blog List