Monday, April 21, 2014

မားစ်ရောဂါကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီဟု ဆော်ဒီအစိုးရ ကြေညာ




အရှေ့အလယ်ပိုင်းဒေသမှာ အသက်ရှုလမ်းကြောင်း ရောဂါလက္ခဏာဖြစ်တဲ့ မားစ်ရောဂါကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီလို့ ဆော်ဒီအာရေဗျအစိုးရက ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ရုတ်တရက် ကူးစက်မှု တိုးလာတဲ့ရောဂါကြောင့် ၆ ရက်အတွင်း လူ ၄၉ ယောက် ကူးစက် ခံခဲ့ရပြီး ကုသဖို့ ဆေးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဆော်ဒီကျန်းမာရေးဝန်ကြီး အဗ္ဗဒူလာ အယ်လ် ရာဘီယာကတော့ ကာကွယ်ရေးလုပ်ဆောင်ချက်တွေအတွက် အမိန့်ထုတ်ရေး ချိန်ညှိစရာ သိပ္ပံနည်းကျ သက်သေလည်း မရှိသေးဘူးလို့ သတင်းထောက်တွေကို ဧပြီ ၂၀ ရက်နေ့က ပြောပါတယ်။

ဆော်ဒီအနောက်ပိုင်း ပင်လယ်နီဒေသ ဂျက်ဒါမြို့မှာ ကူးစက်မှု ရုတ်တရက် တိုးလာတာ ဘာကြောင့်လဲဆိုတာ မသိသေးဘူးလို့ သူက ပြောပါတယ်။

“ဧပြီနဲ့ မေမှာ ဒီရောဂါလှိုင်း ဘာကြောင့်ပေါ်လဲဆိုတာ သိဖို့ မျှော်လင့်တယ်။ ဒီ ဗိုင်းရပ်စ်အတွက် ဒီရာသီက အကောင်းဆုံးလား မသိဘူး” လို့ သူက ဆက်ပြောပါတယ်။

ယူအေအီးနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ကူးစက်မှုအစုတွေကို ထောက်လှမ်းနိုင်ခဲ့ပြီလို့ သူက ပြောပါတယ်။ မားစ်ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။

ဒီရောဂါပိုးဟာ ကုလားအုတ်တွေကနေ မူရင်း စတင်ခဲ့တာဖြစ်ပါတယ်။ အရင်အပတ်ကတော့ အများပြည်သူ အထိတ်တလန့် မဖြစ်စေရေးအတွက် ကူးစက်မှုက စိုးရိမ်ရတဲ့အကြောင်းရင်း မဟုတ်သေးကြောင်းနဲ့ နိုင်ငံတကာက လက်ခံထားတဲ့ ကူးစက်မှုကပ်ဆိုတဲ့ အဆင့်ကို မရောက်သေးကြောင်း ဆော်ဒီအာဏာပိုင်တွေက ကြေညာချက် အတော်များများ ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပနဲ့ မြောက်အမေရိက ကုမ္ပဏီ ၅ ခုကို ကျန်းမာရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားပြီး ကာကွယ်ဆေး ထုတ်ဖို့ လုပ်နေတယ်လို့လည်း ၀န်ကြီးက ဆက်ပြောပါတယ်။

အစ္စလာမ်ဘာသာ စတင် ပေါ်ထွန်းရာ ဆော်ဒီအာရေဗျနိုင်ငံဟာ ရာမာဒန် ဥပုသ်လသည် ဇူလိုင်လအတွင်း ကျရောက်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့တလွှားက ဟာ့ဂ်ျဘုရားဖူးတွေကို လက်ခံဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလအစောပိုင်းမှာတော့ သန်းနဲ့ချီတဲ့ ဟာ့ဂ်ျ ဘုရားဖူးတွေကို လက်ခံဖို့ ရှိနေပါတယ်။

DVB

No comments:

Post a Comment

My Blog List