မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ဖြေလျော့ လာမှုကြောင့် ပြည်တွင်း အထည် ချုပ်လုပ်ငန်းများ အလားအလာကောင်း များရှိနေသော်လည်း ယင်းလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ် လျက်ရှိသည့် ဆေး ရိုက်၊ တံဆိပ်ရိုက်လုပ်ငန်းများမှာလုပ်ငန်း သုံးဆေး အရည်အသွေးကျဆင်းခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့ နေရ ကြောင်း ဆေးရိုက်လုပ်ငန်းရှင်များကပြောသည်။
"ခုချိန်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က အားပေးနေတဲ့အချိန်ပါ။ အထည်ချုပ် လုပ်ငန်းနဲ့အတူတူ ဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်ဖို့ကတော့ ဒီလုပ်ငန်းမှာ သုံးတဲ့ ဆေးအရည် အသွေးပြည့်ဝမှုရှိဖို့၊ လျှပ်စစ် မီးပုံမှန်ရရှိဖို့နဲ့ လုပ်သားအလုံအလောက်ရရှိဖို့ လိုပါတယ်။ဒါတွေကို အခုမဖြည့် ဆည်းနိုင်တော့ အခက်အခဲတွေရှိနေပါ တယ်"ဟုအေပလပ်စ်သရီးဆေးရိုက် လုပ်ငန်းမှ ဦးကျော်ကျော် က ပြောသည်။
လတ်တလောတွင် အထည်တံဆိပ် ရိုက်ခြင်း၊ ဒီဇိုင်းပုံဖော်ခြင်းများအတွက် တရုတ်၊ ထိုင်းနှင့်ဂျပန်တို့မှ တင်သွင်း သော ဆေးများကို အသုံးပြုလျက်ရှိပြီး အချို့လုပ်ငန်းများမှာ ၁၅ ကီလိုဂရမ်မှ ကီလို ၆၀ ၀င် ဆေးဘူးများကို ၀ယ်ရန် ငွေကြေးမတတ်နိုင်သောကြောင့် ပေါင်ထုပ်အသေးများကို ၀ယ်ယူရာတွင် သာကူမှုန့်များရောထားသည့် ဆေးများ နှင့် ကြုံတွေ့နေရခြင်းကြောင့် အခက် အခဲများရှိကြောင်း ၎င်းက ပြောသည်။
"မြန်မာနိုင်ငံရောက်မှ ဆေးဘူးတွေ ထဲကနေ ပြန်ခွဲထုတ်ထားတဲ့ပေါင်ထုပ် တွေက သူ့နဂိုအရည်အသွေး အတိုင်းမရှိ တော့ဘူး။ သာကူမှုန့်တွေ ရောထားတာ မျိုးကြုံရတယ်။ များသောအားဖြင့်တရုတ်ဆေးတွေမှာ ဒီလိုအရောတွေ များတယ်။ ထိုင်းဆေးကတော့မရောဘူး။ ဆေးမ ကောင်းရင် အထည်ပေါ်မှာ ဆေးဆွဲပြီး မှ ဆေးကွဲတာမျိုးတွေဖြစ်ပြီး အရှုံးပေါ်တယ်" ဟု ၎င်းက ပြောသည်။
အထည်ချုပ်လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ခန့်မှာ ဆေးရိုက်လုပ်ငန်းများနှင့် သက် ဆိုင်နေခြင်းကြောင့် မရှိမဖြစ်လိုအပ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းခန့်မှာ ဖန်စီအလှဆင် ခြင်းနှင့် သက်ဆိုင်ပြီးများသောအားဖြင့် အမျိုးသမီး
ဝတ်အထည်များတွင် ဒီဇိုင်း ဖော်သည့် အပ်ထည်များကြောင်းလည်းဦးကျော်ကျော်က ပြောသည်။
အ၀တ်တစ်ထည်ဆေးရိုက်ခမှာ ကျပ် ၂၅၀ ၀န်းကျင်တွင်ရှိပြီး ပို့ကုန်ထည် အတွက်မှာ ကျပ်၁၉၀ ၀န်းကျင်ခန့် ရှိ ကြောင်း ၎င်းက ပြောသည်။ "ပို့ကုန်အထည်က ဈေးနည်းပေမယ့် တစ်ခါအပ်ရင် အနည်းဆုံး ၈,၀၀၀ လောက်အပ်တာ။ပြည်တွင်းထည်က အထည် ၁,၀၀၀ - ၁,၅၀၀ လောက်ပဲလာ တာဆိုတော့ သိပ်မကိုက်ဘူး။ ရှေ့လျှောက်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လာမယ် ဆိုတော့ ဆေးရိုက်တာကိုလည်း ပို့ကုန်အရည်အသွေးမီ လုပ်နိုင်ဖို့ မျှော်လင့်ထား ပါတယ်။ လိုအပ်ချက်တွေသာ ပြည့်စုံမယ် ဆိုရင်နိုင်ငံခြားက ဆေးရိုက်လုပ်ငန်းတွေ အတိုင်း အရည်အသွေးမီ လိုက်ရိုက်နိုင် တယ်"ဟု ၎င်းကပြောသည်။
မလေးရှားနိုင်ငံတွင် တံဆိပ်ရိုက်လုပ် ငန်းလုပ်ကိုင်ဖူးသူ အဆိုပါစက်ရုံမှ မန်နေဂျာကိုဉာဏ်ဆင့်အောင် က မြန်မာ တံဆိပ်ရိုက်လုပ်ငန်းများသည် လက်ဖြင့် လုပ်ကိုင်ရသော်လည်း စက်ဖြင့် အများ ဆုံးအသုံးပြု လုပ်ကိုင်နေသော နိုင်ငံခြား တံဆိပ်ရိုက်၊ ဒီဇိုင်းဆွဲလုပ်ငန်းကို အမီလိုက်နိုင်ကြောင်း ပြောသည်။
"သုံးတဲ့ဆေးကကောင်းပြီး အထည် အခြောက်ခံဖို့ လျှပ်စစ်မီးအလုံအလောက် ရမယ်ဆိုရင်ပိုပြီးအလုပ်တွင် ကျယ်လာ နိုင်ပါတယ်။ အရည်အသွေးကောင်းမှ လည်း နိုင်ငံခြားအပ်ထည်ကလာမှာပါ။ အထည်ချုပ်တွေမှာက အမျိုးသမီး လုပ်သားသုံးလို့ ရတယ်။ ဒီအလုပ်က အမျိုးသားပဲ လုပ်နိုင်တာမျိုးဆိုတော့ လုပ်သားရရှိမှုကလည်း ခက်နေတယ်။ လစာကို အပြိုင်ပေးပြီးခေါ်နေရတယ်" ဟု ၎င်းက ပြောသည်။
အပ်ထည်ခများကို တစ်သမတ်တည်း သတ်မှတ်ထားခြင်းမျိုးမရှိပဲ အပ်ထည် ရရန်အတွက်ဈေးကွက်ဖျက်ခြင်းမှာ လည်း လုပ်ငန်းရပ်တည်ရန်အတွက် အဓိကအချက်တစ်ခုဖြစ်ပြီးဈေးနှုန်းကို ထိန်းချုပ်ရန်အတွက်လည်း အသင်းအဖွဲ့ တစ်ခုဖွဲ့စည်းရန် လိုအပ်နေကြောင်းကိုဉာဏ်ဆင့်အောင်က ပြောသည်။
Golden Third တံဆိပ်ရိုက်လုပ်ငန်း မှ မန်နေဂျာကိုမင်းနိုင်က ၎င်းတို့ စက်ရုံ တွင် ဂျပန်ဆေးကိုသာ အသုံးပြုပြီး ဂျပန် အထည်ချုပ်စက်ရုံများနှင့် စာချုပ်ချုပ် လုပ်ကိုင်နေသည်ဟု ပြောသည်။ "အရည်သွေးက ပို့ကုန်အရည်အသွေး ကို မီပါတယ်။ လုပ်ငန်းကြီးလာရင်တော့ လည်ပတ်မှုရှိသွားရင် ဆေးကောင်း ကောင်းရွေးသုံးပြီး အရည်အသွေး ကောင်းအောင်လုပ်ရတာပါပဲ။အထည် ချုပ်လုပ်ငန်းပေါ်မှာတည်မှီပြီးလုပ်ကိုင် နေရတာပါ။ အထည်ချုပ်လုပ်ငန်းကောင်းရင် ဆေးရိုက်လုပ်ငန်းလည်း ကောင်းလာမှာပါပဲ။ ကိုယ့်ဘက်က အရည် အသွေး ကောင်းအောင်လုပ်ရင် ပို့ကုန်အပ်ထည် တွေ ၀င်လာမှာပါ" ဟု ၎င်းက ပြောသည်။
ဂျပန်ပို့ကုန်အပ်ထည်များမှာ ဒီဇိုင်း တစ်မျိုးလျှင် အနည်းဆုံးအထည် ၁၀,၀၀၀ ကျော်ခန့်ထိ အပ်ထည် ရှိပြီး ပြည်တွင်းအော်ဒါတစ်ခုတွင် အပ်ထည် ၃၀၀ မှ ၆၀၀ ခန့်သာရှိကြောင်း ၎င်းက ပြောသည်။ အမေရိကန်နိုင်ငံမှ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ စတင်ခဲ့သော ၂၀၀၃ ခုနစ်နောက်ပိုင်းတွင် အထည်ချုပ် ကဏ္ဍမှာ ကျဆင်းခဲ့ပြီးဆေးရိုက်လုပ် ငန်းများမှာလည်း ပြည်တွင်းအပ်ထည်လိုင်းဖြင့်သာ အသက်ဆက်ခဲ့ရပြီး လက်ရှိ အနေအထားအရ အလားအလာကောင်း များပေါ်ထွက်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
Myanmar Times

No comments:
Post a Comment