Saturday, December 15, 2012

ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ စက်ရုံများအားလုံး မိမိစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထွက်ရှိသည်(သို့) မထွက်ရှိသည်ကို ရန်ကုန်မြို့တော်စည်ပင်သို့ ၂၀၁၃ ခုနှစ် မတ်လကုန်မတိုင်မီ အပြီးတင်ပြရမည်

thn-14-12-1
ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ စက်ရုံများအားလုံး မိမိစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထွက်ရှိသည်(သို့မဟုတ်) မထွက်ရှိသည်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ၂၀၁၃ ခုနှစ် မတ်လ ကုန်မတိုင်မီ အပြီးတင်ပြရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
 ရန်ကုန်မြို့တွင် စက်မှုဇုန်အရေအတွက် ၂၄ ခုတွင် စက်ရုံပေါင်း  ၃၅၆၂ ရုံရှိပြီး ယင်းစက်ရုံ များ ကော်မတီဝင်များကို အစည်းအဝေးခေါ်ယူ၍ မိမိစက်ရုံများမှ ရေဆိုးထွက်လျင် ထွက်ရှိသည့် အကြောင်း၊ ရေဆိုးမထွက်လျင်လည်း မထွက်သည့်အကြောင်းကို အကြောင်းကြားရန် ပြောကြား ခဲ့ပြီးဖြစ် သည်ဟု သိရသည်။
''စက်ရုံတွေကို ရေဆိုးထွက် မထွက်ကို အရင်ကလို လိုက်မစစ်တော့ဘူး။ စက်ရုံတွေက ရေဆိုးထွက်ရင် ထွက်တဲ့အကြောင်း၊ မထွက်ရင် မထွက်တဲ့အကြောင်း လာပြီးတင်ပြရမယ်။ တစ်ကယ် လို့ ရေဆိုးထွက် ရင်တော့ အဲဒီရေဆိုးကိုကိုယ်တိုင်စစ်၊   ရေဆိုးသန့်စင်ဖို့ လိုအပ်ရင် ကိုယ်တိုင် ရေဆိုးသန့်စင်မှုလုပ်ရ မယ်။ ရေဆိုးသန့်စင်မှုလုပ်ပြီး ပြန်ထွက်လာတဲ့အဖြေကိုလည်း ဒီကိုလာပြန်တင်ပြရမှာဖြစ်ပါ တယ်။ နောက်ဆုံး အားလုံး Clear ဖြစ်တဲ့အထိပေါ့။ အဲဒီတင်ပြမှုတွေကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီအချိန်သုံးလအတွင်းမှာအပြီးပြုလုပ်ရမှာဖြစ်ပါတယ်''ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောပြခဲ့သည်။
စက်ရုံများအနေဖြင့် မိမိတို့စက်ရုံမှ ထွက်ရှိသော ရေဆိုးများအား စစ်ဆေးရာတွင် လုပ်ငန်းခွင် ကျန်းမာရေး ဌာနမှ ထုတ်ပြန်ထားသော စံနှုန်းများအတိုင်း စစ်ဆေးစေမည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ စက်ရုံများတွင် ရေဆိုးထွက်ရှိသည့် စက်ရုံများရှိသလို ရေဆိုးမထွက်သည့် စက်ရုံများ  လည်း ရှိကြောင်း၊ ရေဆိုးထွက်ရှိသည့် စက်ရုံများအနက် အရက်ချက်စက်ရုံ၊ ဆေးဆိုးပန်းရိုက်စက်ရုံ၊ ငါးပုဇွန် အအေးခန်းစက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများမှာ  အဆိုးရွားဆုံးဖြစ်သည်ဟု သိရသည်။ ယင်းစွန့်ပစ်ရေဆိုးများမှာ    ပတ်ဝန်းကျင်အား ထိခိုက်မှုရှိစေနိုင်သလို မြစ်ချောင်းများအတွင်းသို့ ရောက်ရှိ
 ပါက မြစ်ချောင်း ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ မြစ်ချောင်းများ နံဘေးတွင် တည်ဆောက်ထားသော စက်ရုံများမှ စွန့်ပစ်ရေဆိုးများ  မြစ်ချောင်းများအတွင်း သို့ ရောက် ရှိခြင်းကြောင့် မြစ်ချောင်းများ၏ ရေထုညစ်ညမ်းမှုပမာဏ မြင့်တက်နေကြောင်း  ယခင်က လက်တွေ့ တိုင်းတာမှုများ ပြုလုပ်ခဲ့ဖူးခဲ့သူ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။
''နိုင်ငံခြားက ရင်းနှီးမြှပ်နှံမှုတွေနဲ့ စက်ရုံတွေလာထောင်ရင်ပဲ ဖြစ်ဖြစ်၊ အခုလက်ရှိ ဒီမှာလည်ပတ်နေတဲ့ စက်ရုံတွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေက ပတ်ဝန်းကျင် လေထု၊ရေထု၊ မြေထုကို သတ်ရှင်းစေနိုင်တဲ့ စံနှုန်းတွေ ရှိဖို့လိုပါတယ်။စက်မှုလုပ်ငန်းတွေကတော့ လုပ်ကြမှာပဲ။ အဲဒီက ထွက်တဲ့ ရေဆိုးတွေကို ထိန်းချုပ်ပြီး လျော့နည်းအောင် လုပ်ရမှာဖြစ်ပါတယ်။ အခုလိုမြို့တော်စည်ပင်က ဒီလိုရေဆိုးထွက်ရှိတဲ့ စက်ရုံတွေ စာရင်းတောင်းခံတာတော့ ကောင်းပါတယ်။ ဒါပေမဲ့အချို့ ရေဆိုးထွက်ရှိတဲ့ စက်ရုံတွေက မထွက်ပါဘူးလို့ တင်ပြလာမှုတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအတွက်  စက်ရုံထောင်တဲ့ သူတွေမှာလည်း တာဝန်ရှိသလို သက်ဆိုင်ရာ အစိုးရအဖွဲ့ကလည်း စစ်ဆေးရမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောပြခဲ့သည်။
ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်(၁)တွင် နေထိုင်သူ ကိုမြဦးက ''ကျွန်တော်တို့နားမှာ အရက်ချက် စက်ရုံတွေ က စွန့်ပစ်အရည်တွေရဲ့ အနံ့အရမ်းဆိုးတယ်။ ဒါပေမဲ့လည်း ဒီမှာ နှစ်ကြာကြာ နေလာခဲ့တာ ဖြစ်တဲ့အတွက် အနံ့တွေက ရိုးတောင်ရိုးနေပါပြီ။ ကျွန်တော်တို့ဆီကို  တစ်ခါတစ်လေမှ လာတဲ့သူတွေ အတွက်ကတော့ အဲဒီအနံ့တွေက အရမ်းကိုဆိုးရွားတယ်လို့ ပြောကြတယ်''ဟု ပြောကြားခဲ့သည်။
စက်ရုံများအနေဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ စွန့်ပစ်ရေဆိုး ထွက်ရှိမှုအခြေအနေအား လာရောက်တင်ပြခြင်းမရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဥပဒေနှင့်အညီ စက်ရုံ လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List