Thursday, December 13, 2012

ရှင်းနေတာကို ရှုပ်အောင်မလုပ်ကြပါနဲ့

ဦးဇော်နောင်၊အသင်းတော်(မြစ်ကြီးနား)

ဒီကနေ့အချိန်ဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် သေချာစဉ်းစားတွေးခေါ် လုပ်ကိုင်ကြရမယ့် အချိန်အခါဖြစ် ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြပြီး ဆူပူလှုပ်ရှားနေသူတွေအားလုံး ရပ်တန်းက ရပ်စေချင်ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းနဲ့ပတ်သက်လို့ ပြောကြရေးကြ ဟောကြသူတွေကလည်း မှန်မှန်ကန်ကန်နဲ့ရေးကြပြောကြစေချင်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ ခန့်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုပ်ဆောင်တွေကို စောင့် ကြည့်ကြပါဦးလို့ ပြောချင်ပါတယ်။ သူတို့အဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေအပေါ် ကြည့်ပြီးမှ ဆုံးဖြတ် ကြပါ၊ ဟောကြပြောကြပါ၊ ရေးသားကြ၊ဆန္ဒပြကြစေချင်ပါတယ်။

အခုတော့ ဗုဒ္ဓဘာသာဘုန်းကြီးအချို့ကိုယ်နှိုက်က ဆန္ဒပြတာတွေ၊ သပိတ်မှောက်တာတွေလုပ်နေတာဟာ  ပြည်သူတစ်ဦးအနေနဲ့ အရိုးသားဆုံးနဲ့အမှန်ကန်ဆုံးပြောရရင် တိုင်းပြည်မငြိမ်သက်အောင်လုပ်နေတာလို့ မြင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးယန္တရား မငြိမ်မသက်ဖြစ်ရင် ပထမဆုံးကြုံတွေ့ရမယ့် ပြဿနာက       ကုန်ဈေးနှုန်းကြီးမြင့်မှု ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားရင် ကုန်ဈေးနှုန်းဆိုတာ တက်သွား မှာပါဘဲ။ တက်ပြီးရင်ပြန်မကျတတ်တဲ့အရာမို့ တကယ်ခံရမှာက ဆင်းရဲသားပြည်သူတွေနဲ့ ၀န်ထမ်းတွေဖြစ် ပါတယ်။ ဆန္ဒပြတယ်ဆိုတာ အစိုးရက ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး မသိချင်ယောင်ဆောင်တာမျိုးကို ဆန္ဒပြတောင်းဆိုရမှာပါ။ အခုကိစ္စကတော့အစိုးရအပိုင်းက ထင်သာမြင်သာရှိအောင်လုပ်ဆောင်နေတာမို့   စောင့်ကြည့်ရမယ့်အပိုင်းမှာပဲရှိနေပါသေးတယ်။
ကျွန်တော်တို့အားလုံးယုံကြည်ထားတဲ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာပြည်သူလူထုရဲ့အကျိုး စီးပွားကိုကြည့်မှာပါ။ ဒီကနေ့ပြည်သူရှေ့ကနေ မားမားမတ်မတ်ရပ်တည်နေတာဟာ ပြည်သူအကျိုးဆောင်ရွက်ဖို့ အတွက်ပဲဖြစ်တယ်ဆိုတာ သူရဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ယုံကြည် ကိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကိုစောင့်ကြည့်ကြပါဦးလို့ပြောချင်တာပါ။ အဲလိုမှမဟုတ်ဘဲ ဆန္ဒတွေ ပြနေကြတာ၊ဆူဆူပူပူဖြစ်အောင်လုပ်နေကြတာဖြင့် ဒီမိုကရေစီစနစ်လမ်းကြောင်းအတွက် ဆူးညှောင့် ခလုပ်တွေ ဖြစ်နေပါတယ်။
တစ်ချို့သော သတင်းရေးသူတွေက ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ နယ်စပ်အခြေစိုက် အတိုက်ခံအဖွဲ့အ စည်း တွေဆီက ကန့်ကွက်တာမျိုးတွေ မကြားရလို့ မချင့်မရဲဖြစ်နေကြပါတယ်။ တစ်ချိန်တုန်းကတော့ ထစ်ကနဲ ရှိထအော်နေ ပြီး အခုဘာလို့မအော်တာလဲမေးနေကြပါတယ်။ အမှန်တကယ်တော့ သူတို့ ကိုယ်နှိုက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖြေစကားကိုစောင့်စားနေလို့မို့ ဘာမှမပြောခြင်းဖြစ်ပါတယ်။ အစိုးရရဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းကို ထောက်ခံလို့ ဘာမှမပြောတာပဲဖြစ်ပါတယ်။ အဖြစ်မှန်၊အမှုမှန်ပေါ်ေ ပါက်ဖို့အတွက် ဆောင်ရွက် နေတဲ့အချိန်မို့ ဆန္ဒမစောဘဲ စိတ်ရှည်စွာနဲ့စောင့်ကြည့်ဖို့လိုအပ်ပါတယ်။
နောက်ပြီးဆူပူဆန္ဒပြနေတာတွေဟာ ပြည်သူတစ်ရပ်လုံးသဘောထားဆန္ဒမဟုတ်ပါဘူး။ ပြည်သူအများစုက အေးချမ်းစွာနေချင်ပါတယ်။ ဘုန်းကြီးတွေဆန္ဒပြနေတယ်ဆိုတာလဲ သံဃာအားလုံးရဲ့ သဘောထားဆန္ဒ မဖြစ် နိုင်ပါဘူး။ တကယ့် မထေရ်ကြီးများက လူမှုကိစ္စတွေမှာ ရှုပ်ရှုပ်ရှက်ရှက် မပါဝင်သလို ဘုန်းကြီးအလုပ် ဘုန်ကြီး လုပ်နေကြပါတယ်။ ဒီလိုမျိုးဗုဒ္ဓဘာသာဘုန်းကြီးတွေက ၀င်ပါနေသလိုမျိုး ခရစ်ယာန်တွေ...မူဆလင်တွေ ကပါ ၀င်ပါနေရင် ရှင်းနေတာကိုရှုပ်အောင်လုပ်သလိုဖြစ်နေပါတော့မယ်။ ဒါကြောင့် ဘုန်းကြီးပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် စုံစမ်း စစ်ဆေးရေးအဖွဲ့က ထွက်ပေါ်လာမယ့်အဖြေနဲ့ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တို့ရဲ့ ဆုံးဖြတ် မယ့်အဖြေ ကို စောင့်စားနားထောင်ကြပါဦးလို့ ပြောချင်ပါတယ်။


No comments:

Post a Comment

My Blog List