Saturday, December 15, 2012

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် စီစဉ်ထားသော ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာရှိ မိန့်ခွန်းပြောမည့် စင်မြင့်အနီးတွင် အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာများသို့ သွားရောက်ရန် စီစဉ်ထားသော  ခရီးစဉ်မစတင်မီ ကံမော်ကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့် အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့် အချိန်က အသေးစား ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာရှိ ဦးနောင်မဲပိုင်ဆိုင်သည့် ကွင်းပြင်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရန် ဆောက်လုပ်ထားသည့် စင်မြင့် နှင့် ကွင်းပြင်များကို ကံမော်ကျေးရွာရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များမှ သန့်ရှင်းရေး လုပ်ဆောင်နေစဉ် အသေးစား ပေါက်ကွဲ မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသေးစား အဆိုပါ အသေးစားပေါက်ကွဲမှုကြောင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
 ''ဖြစ်တာကတော့ ညနေ ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ အဲဒီကွင်းပြင်မှာရှိတဲ့ မြက်ခြောက်တွေကို စုပုံပြီး မီးရှို့နေတုန်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီကွင်းမှာက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတုန်းက စပရေးဘူးတွေ၊ ဂတ်(စ်)မီးခြစ်တွေ စွန့်ပစ်ခဲ့တာဖြစ်နိုင်ပြီး မီးရှို့လိုက်တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီထဲက အမျိုးသမီးနှစ်ဦးကတော့ ရင်ဘတ်မှာ ခြစ်ရာတစ်ခုနှင့် ပေါင်မှာခြစ်ရာတစ်ခု ဖြစ်ခဲ့တာကြောင့် ဒဏ်ရာ ကို နှစ်ချက် ချုပ်ပေးလိုက်ရပါတယ် ကျန်တာကတော့ ဆေးထည့်ပေးရုံလောက်ပဲ ဖြစ်ခဲ့ပြီး အခုတော့ အားလုံးကောင်းသွားပါပြီ'' ဟု ကံမော်ကျေးရွာမှ ဒေါက်တာထူးနေအောင်မှ ပြောကြားခဲ့သည်။

ဒေသခံတစ်ချို့မှပြောကြားရာတွင် ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးများ ထွက်ပေါ် ခဲ့ကြောင်း ပေါက်ကွဲမှုဖြစ်ပွား သည့်နေရာမှာလည်းစင်မြင့်အနီးတွင်ဖြစ်သောကြောင့်အမျိုးမျိုးထင်မြင်ချက်များပေးနေခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်း ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရောက်ရှိလာကာ အခင်းဖြစ်ပွားသည့် နေရာတစ်ဝိုက်အား စစ်ဆေး ခဲ့ကြောင်း သိရသည်။
''လူတွေပြောနေသလို ဗုံးပေါက်တာ မဟုတ်ပါဘူး ပြီးခဲ့တဲ့လက ဘုရားပွဲမှာ လူတွေအသုံးပြုပြီး ကျန်ခဲ့တဲ့ ဂတ်(စ်)ဗူး၊ ဂတ်(စ်)မီးခြစ်၊ စပရေးဘူးတွေလည်း ဖြစ်နိုင်ပါတယ် ဖြစ်စဉ်ဖြစ်တာထက်ပိုပြီး ချဲ့ကား ပြီး ပြောနေကြတဲ့အတွက် အမေစုရဲ့ ခရီးစဉ်အပေါ်မှာ အနှောက်အယှက် မဖြစ်စေချင်ပါဘူး ရဲတပ်ဖွဲ့ ၀င်တွေကတော့ ဖြစ်စဉ်ဖြစ်ပြီး ချက်ချင်းရောက်လာပြီး လာရောက်စစ်ဆေးပေးသွားပေမယ့် ဘာမှတော့ မှတ်ချက်ပေးမသွားသေးပါဘူးကျွန်တော်တို့ကဒေသခံတွေဖြစ်တဲ့အတွက်သတင်းအမှန်ကို ပြောပေးစေချင်ပါတယ်'' လို့ဒေါက်တာထူးနေအောင်မှ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ကျွန်းစုခရီးစဉ်အတွင်း ခရီးစဉ်တစ်ချို့ နှောင့်နှေးမှုကြောင့် ကံမော်ကျေးရွာနှင့် ကျွန်းစုမြို့နယ် ခရီးစဉ်များ ရွေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ ရွေ့ဆိုင်းခဲ့ရသည့်အတွက် ကံမော်ကျေးရွာ ဒေသခံများက ယခုခရီးစဉ် အပေါ် မျော်လင့်ချက် ထားနေကြပြီး အဆိုပါအဖြစ်အပျက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် အနှောက် အယှက်ဖြစ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။ အဆိုပါအဖြစ်အပျက် ဖြစ်ပွားပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကျွန်းစုမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဒေါ်တင်တင်ရီနှင့် ပါတီဝင်တစ်ချို့ ကံမော်ကျေးရွာသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ရရှိတဲ့ သတင်းတွေအရ ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးတွေ ထွက်တာလို့ ကြားရတယ် သတ္တုစတွေလည်း တွေ့ရတယ်လို့ သိရတယ် အဲဒီမှာအရင်က ငါးဖမ်းရာမှာ သုံးလေ့ရှိတဲ့ ယူရီးယား (ဓာတ်မြေသြဇာ)၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ယမ်းပျော့တွေကို ဒီလိုသတ္တုဗူးတွေ၊ အိုးတွေထဲကိုထည့်ပြီး အပြင်က ပွဲညှက်တွေအုပ်ပြီး စနစ်တံကို မီးရှို့ပြီး ငါးဗုံးခွဲတာတွေ လုပ်တာရှိတယ် အဲဒါတွေ များ မြက်တွေ၊ခြုံတွေထဲမှာ ရှိနေပြီး မီးရှို့လိုက်လို့ ဒီလိုပေါက်ကွဲမှု ဖြစ်သွားတာလား၊ စပရေး ဘူးတွေ ပဲ ပေါက်ကွဲတာလားဆိုတာ သေချာသိအောင် ကျွန်တော်တို့နှင့်အတူ မိုင်းအကြောင်းနားလည်တဲ့ လူ တစ်ချို့လည်း ခေါ်သွားပါမယ် အဲဒီကပြန်ရောက်လာရင် သတင်းကို အတိအကျ ထုတ်ပြန်ပေးပါ့မယ် တာဝန်ရှိသူတစ်ချို့ကတော့ ဘောလုံးမီးပန်းလို့ ယူဆထားတယ် တစ်ကယ့်ဗုံးပေါက်ကွဲတာဆိုရင် ဒီလိုဒဏ်ရာလောက်နှင့် ပြီးမှာမဟုတ်ပါဘူး ဒီထက်ကြီးမားတဲ့ အဖြစ်အပျက်တွေ ဖြစ်သွားမှာပါ'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းနိုင်က ပြောကြားခဲ့သည်။

အသေးစားပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့်  သန့်ရှင်းရေးလုပ်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များဖြစ်သော ဒေါ်ကြူကြူသန်း -၄၄နှစ် (ပေါင်တွင်ဒဏ်ရာအနည်းငယ်-၂ချက်ချုပ်)၊ မဇင်ဇင်အေး -၁၇ နှစ် (ရင်ဘတ်တွင် ဒဏ်ရာအနည်းငယ်-၂ ချက်ချုပ်) တို့ဖြစ်ကာ ဒေါ်ဝင်းကြည်-၅၄ နှစ် (မျက်လုံးအောက်ဘက်တွင်ပွန်းပဲ့) နှင့် မမိုးပွင့်ဖြူ -၁၇ နှစ် (ခါးတွင်ပွန်းပဲ့) တို့ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော် ခရီးစဉ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် စတင်မည်ဖြစ်ပါသည်။

No comments:

Post a Comment

My Blog List