Saturday, December 15, 2012

ငွေလဲနှုန်းအား နှုန်းရှင်အဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလမှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေ


ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း အောက်တိုဘာလမှစတင်၍ နိုင်ငံခြားငွေလဲနှုန်း အတက်အကျအနည်းပါးလျက်ရှိကြောင်းဗဟိုဘဏ်၏ခွင့်ပြုချက်ရရှိထားသာ နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
'' နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာ အခု ၈၄၄ ကျပ်ဝန်းကျင် ပုံမှန်သွားနေမှာပါ။ စိုးရိမ်စရာမရှိပါဘူး '' ဟု သမ၀ါယမလိမိတက်ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။
 ငွေလဲနှုန်းကိုနှုန်းရှင်အဖြစ် စတင်သတ်မှတ်သော ဧပြီလအတွင်း နိုင်ငံခြားငွေလဲနှုန်းတွင် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေ တန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၁၅ ကျပ်ဝန်းကျင်တွင်ရှိခဲ့ပြီး အနိမ့်ဆုံး ၈၁၀ ကျပ်မှ အမြင့်ဆုံး ၈၁၇ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ မေလပထမပတ်အတွင်း အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ၈၁၈ ကျပ်ရှိလာပြီး မေလနောက်ဆုံးပတ်တွင် အမေရိကန်တစ်ဒေါ်လာ ၈၃၇ ကျပ်ထိ မြင့်တက် လာကြောင်း၊ ဇွန်လဒုတိယပတ်တွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ၈၄၄ ကျပ်ရှိလာခဲ့ပြီး ဇွန်လနောက် ဆုံးပတ်တွင် အမေရိကန်တစ်ဒေါ်လာ ၈၇၅ ကျပ်ထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရပါသည်။
ဇူလိုင်လပထမပတ်မှ တတိယပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် အမေရိကန်ဒေါ်လာငွေ အမြင့်ဆုံး တန်ဖိုးမှာ ၈၇၈-၈၈၃ ကျပ်ဝန်းကျင်ထိ ရှိလာခဲ့ပြီး သြဂုတ်လဆန်းပိုင်းမှစတင်ကာ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၆၅-၈၆၇ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
စက်တင်ဘာလ ဒုတိယပတ်မှစ၍ သိမ်ဖြူငွေလဲကောင်တာ၌ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၅၉-၈၆၀ ကျပ်ဝန်းကျင်သို့ ကျဆင်းလာခဲ့ပြီး ပြင်ပဈေးကွက် ပေါက်ဈေးမှာ ၀ယ်ဈေး -၈၄၆- ရောင်းဈေး ၈၄၉ ကျပ်ဝန်းကျင်သာရှိကြောင်း သိရပါသည်။ ထို့အတူ ဗဟိုဘဏ် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပပေါက်ဈေးကွာဟချက် ပိုမိုများပြားလာပြီး စက်တင်ဘာ ၁၉ ရက်နေ့ ဗဟိုဘဏ်သတ်မှတ်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၆၅ ကျပ်ဖြစ်လာခဲ့သည်။
အောက်တိုဘာလမှစတင်၍ ဒီဇင်ဘာလ ဒုတိယပတ်ထိ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် ပျမ်းမျှ အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ၈၄၅-၈၅၃ ကျပ်ဝန်းကျင် ရှိလာခဲ့သည်။ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်ဈေးမှာ ၈၅၂ ကျပ်ဝန်းကျင်တွင် တည်ရှိနေပြီး ပြင်ပငွေလဲလှယ်နှုန်းနှင့် ၇ ကျပ်ထိ ဆက်လက် ကွာခြားလျက်ရှိကြောင်း သိရသည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေး ကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်း နှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List