Monday, August 10, 2015

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မိုင်းတုံရေကာတာ တည်ဆောက်ရေးအတွက် EIA /SIA လုပ်ငန်းများ လုပ်ကိုင်နေသည့် သြစတြေးလျကုမ္ပဏီ SMEC အား ဒေသခံများ ကန့်ကွက်


သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မိုင်းတုံရေကာတာ တည်ဆောက်ရေးအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လူမှုအသိုင်းအ၀န်းထိခိုက်မှု အကဲဖြတ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ် ခြင်း (EIA /SIA) လုပ်ငန်းများ လုပ်ဆောင်နေသည့် သြစတြေးလျကုမ္ပဏှီ SMEC (Australia’s Snowy Mountains Engineering Corporation) ကို ကန့်ကွက်မှုများနှင့် ဆန့်ကျင်မှုများ ပြုလုပ်နေကြောင်း Shan Human Rights Foundation ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုင်းတုံရေကာတာစီမံကိန်းသည် တရုတ်၊ ထိုင်းနှင့် မြန်မာကုမ္ပဏီများဖြစ် သည့် China’s Three Gorges Corporation (တရုတ်)၊ the Electricity Generating Authority of Thailand (ထိုင်း)၊ International Group of Entrepreneurs (မြန်မာ) နှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ လုပ်ဆောင်သွားမည့် စီမံကိန်း ဖြစ်သည်။

မိုင်းတုံရေကာတာသည် ရေကာတာအမြင့် ၂၄၁ မီတာရှိပြီး ရေအားလျှပ်စစ် ၇၀၀၀ မီတာဝပ်ကို ထုတ်လုပ် နိုင်မည်ဖြစ်ကာ ရာခိုင်နှုန်း ၉၀ ကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။ မိုင်းတုံ ရေကာတာ၏ ရေလှောင်ကန်သည် ၆၄၁ ကီလို မီတာ စတုရန်းပတ်လည်ရှိပြီး ရေလောင် ကန်မှရေသည် ရှမ်းပြည်နယ် တစ်လျှောက်၏ သုံးပုံနှစ်ပုံအထိ ရေမြင့်တက် လာစေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းတုံရေကာတာ တည်ဆောက်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်း EIA/SIA ပြုလုပ်ရာတွင် ကွန်ဟိန်းမြို့နယ်နှင့် မိုင်းတုံမြို့နယ်ဒေသခံ များက SMEC (Australia’s Snowy Mountains Engineering Corporation) အား ပိတ်ပင်တားဆီးခဲ့ကြပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့ နယ်များအတွင်း EIA/SIA ဆက်လက် ပြုလုပ်ရာတွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် ဒေသခံလူထု ဆန့်ကျင်မှုကြောင့် ယင်းတို့၏ အကဲဖြတ်လုပ်ငန်းများ နှောင့်နှေးခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် SMEC ကိုယ်စားလှယ်လေးဦး ‘၀’ မြို့တော် ပန်ဆန်းသို့ သွားရောက်၍ ‘၀’ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ကွင်းဆင်းလေ့လာခွင့် တောင်းခံရာတွင် ‘၀’ ပြည်တပ်မတော် UWSA ခေါင်းဆောင်များက နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ယင်းတို့ဒေသအတွင်း လုပ်ဆောင်ခွင့် မပြုခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ဆက်လက်ဆွေးနွေးလိုပါက နောက်လများတွင် လာရောက်ဆွေး နွေး နိုင်သည်ဟု ထပ်မံတုံ့ပြန်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထိုသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သော ဇွန်လအစောပိုင်း မိုင်းတုံမြို့နယ်အတွင်း ‘၀’ ပြည်တပ်မတော် UWSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ပြဿနာဖြစ်ပွား ခဲ့ခြင်းနှင့် ပတ်သက်နိုင်ပြီး ‘၀’ ဒေသအတွင်း ၀င်ရောက်လေ့လာ အကဲဖြတ်ရေး တားမြစ်ခံရပြီးနောက် SMEC သည် မိုင်းတုံရေကာတာ တည်ဆောက်ရေးအတွက် သံလွင် မြစ် အရှေ့ဘက်ခြမ်းရှိ ‘၀’ ဒေသအတွင်း ၀င်ရောက်လေ့လာ အကဲဖြတ်ခြင်းလုပ်ငန်း မလုပ်ဆောင်နိုင် တော့ကြောင်း သိရသည်။ သို့သော် SMEC အနေနှင့် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ တောင်ဘက်ပိုင်းရှိ မိုင်းပြင်းမြို့နယ်တွင် အချက်အလက် ကောက်ယူ အကဲဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ပထမပတ်အတွင်း SMEC ၏ အချက်အလက် ကောက်ယူသူ များကတာကော့ မြောက်ဘက် သံလွင်မြစ် အရှေ့ဘက်ခြမ်း ဟိုလိန်းရွာ ဘုန်းကြီးကျောင်းတိုက် အနီးတွင် သွားရောက်ကောက်ယူခဲ့ပြီး အဆိုပါ ဘုန်းကြီးကျောင်းတိုက်သည် နှစ်ပေါင်း ၇၀၀ ကျော်ကြာ တည်ထားကိုး ကွယ်ခဲ့သည့် ရှေးဟောင်း ဘုန်းကြီးကျောင်းဖြစ်ပြီး မိုင်းတုံရေကာတာ တည်ဆောက်လိုက်ပါက ရေအောက် နစ်မြုပ်ပျောက်ကွယ်သွား မည့် ကျောင်းတိုက်ဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းသည် ရှမ်းပြည်နယ် အတွင်း နာမည်ကြီး သမိုင်းဝင် ကျောင်းတိုက်တစ်ခု ဖြစ်သကဲ့သို့ နှစ်စဉ်မတ်လအတွင်း ကျရောက်သည့် တပေါင်းလပြည့်နေ့ပွဲတွင် ကျွန်းတစ်ထောင်ခေါ် (ကွန်ဟိန်း) ဒေသခံ ထောင်နှင့်ချီ သွားရောက် ပူဇော်ကြသော ဒေသခံများ ကိုးကွယ် ရာ နေရာဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဟိုလိန်းဒေသအတွင်း SMEC မှ အချက်အလက်ကောက်ယူ ပြီးစီးခဲ့သော ရွာများမှာ ၀မ်ဟိုနား၊ ၀မ်ဆော့၊ ၀မ်ခုံကျံနှင့် ၀မ်မွန်းတို့ဖြစ်ပြီး အချိန်ကုန်ခံ လာရောက်ဖြေကြား ပေးသည့်အတွက်ကြောင့်ဟုဆိုကာ လွယ် အိတ်၊ အချိုရည်နှင့် မုန့်များ လက်ဆောင်ပေးခဲ့သည်။

ဇူလိုင် ၁၇ ရက်မှ ၂၆ ရက်အထိ SMEC ကုမ္ပဏီသည် မိုင်းပြင်းမြို့နယ် တောင်ဘက် မိုင်းပုလုံ ခေါ် (မိုင်းပု ကြီး) ဧရိယာတွင် EIA/SIA ထပ်မံကောက်ယူခဲ့သည်။ ၀မ်မိုင်းပုလုံ (မိုင်းပုကြီးရွာ)သည် မိုင်းတုံရေကာတာ ၏ အရှေ့မြောက် ဧရိယာအတွင်း တည်ရှိပြီး မိုင်းတုံရေကာတာ တည်ဆောက်လိုက်ပါက အနိမ့်ပိုင်းဒေသ များ ရေလွှမ်းမိုးမည့် ဒေသများဖြစ်သည်။ ဇူလိုင် ၁၈ ရက်တွင် မိုင်းပုလုံ (မိုင်းပုကြီး)ကျေးရွာအတွင်းရှိ ၀ိန်းဟောင်ရွာ ဘုန်းကြီးကျောင်းတွင် SMEC ကုမ္ပဏီက ရွာပေါင်း ၁၄ ရွာမှ ရှမ်း၊ လားဟူနှင့် ပလောင်ရွာသူ ရွာသားများ တစ်မိသားစု တစ်ယောက်နှုန်း အစည်းအဝေး ခေါ်ယူခဲ့သည်။

သို့သော် အဆိုပါ အစည်းအဝေးကို ရွာသူရွာသား ၃၀ ဦးသာ တက်ရောက်ခဲ့ပြီး မိုင်းတုံ ရေကာတာ တည်ဆောက်ပါက ဤဧရိယာများသည် ရေလွှမ်းမိုးမည်ဟု SMEC ကုမ္ပဏီက ရွာသားများကို ပြောဆိုခဲ့ သည်။ သို့ပါ၍ ရေကာတာကြောင့် ထိခိုက်ခံရမည့် ရွာများအား အချက်အလက် ကောက်ယူရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထိုအစည်းအဝေးတွင်လည်း လွယ်အိတ်၊ အချိုရည်နှင့် မုန့်များလက်ဆောင် ပေးခဲ့သည်။ ထိုအစည်းအဝေး ပြောကြားမှုသည် ရွာသူရွာသားများကို လှုပ်နှိုးစေခဲ့ပြီး ယင်းတို့၏ ရွာများတွင် SMEC ကုမ္ပဏီအား အချက်အလက် ၀င်ရောက်ကောက်ယူခွင့် မပြုတော့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် SMEC သည် ရွာလေးရွာကိုသာ အချက်အလက် ကောက်ယူနိုင် ခဲ့ပြီး ကျန်သောရွာများအတွင်း ၀င်ရောက်ကောက်ယူမှု မပြုနိုင်ခဲ့ကြောင်း သိရသည်။

SMEC ကုမ္ပဏီအားရွာအတွင်း ၀င်ခွင့်မပြုသည့်ရွာများမှာ ၀မ်စွမ်တောင်း၊ ၀ိန်းစန်း၊ ၀ိန်းကောဝ်၊ ပင်းဆန်း၊ လွမ်းကျောက်၊ နားလေး၊ ၀မ်ခွမ့်၊ ၀မ်မိုင်၊ တာကူးနှင့် ကုန်းလင်ရွာတို့ဖြစ်ပြီး ၎င်းတို့ကောက်ယူနိုင်သည့် ရွာများမှာ ၀မ်ကိန်းဟင်၊ ၀မ်တုံ၊ ၀ိန်းဟောင်နှင့် ၀မ်ကွန်ကောက်တို့ဖြစ်ကြောင်း သိရသည်။ စာရင်းဝင် ရောက် ကောက်ယူမှု မပြုသည့် ရွာများမှ ရွာနှစ်ရွာသည် သံလွင်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။

ဇူလိုင်၂၁ ရက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က မိုင်းပုလုံ (မိုင်းပုကြီး)ကျေးရွာတွင်းရှိ ၀ိန်းဟောင်ရွာတွင် ပါတီရုံးဖွင့်ပွဲ ကျင်းပခဲ့သည်။ ထို့အတူ ညနေခင်းပိုင်း ၀ိန်းဟောင်ဘုန်းကြီးကျောင်းတွင် သင်တန်းပြုလုပ် ရာ ရွာသားပေါင်း ၃၀၀ ဦး ကျော်တက်ရောက်ခဲ့ပြီး ထိုသင်တန်းတွင် မိုင်းတုံရေကာတာ လိုချင်၊ မလိုချင်မေးမြန်းရာ ရွာသူရွာသားများ အားလုံးက မလိုချင်ကြကြောင်း လက်ထောင်ပြီး ပြောကြား ခဲ့သည်။

ဇူလိုင် ၁၈ ရက်မှ ၂၁ ရက်တွင် SMEC ကုမ္ပဏီက ဆောင်လတ်ရွာ (၂ မိုင်ရွာ) တာကော့ သံလွင်မြစ်ကူး တံတား၏ အရှေ့ဘက် နှစ်မိုင်အကွာ (၂ မိုင်ရွာ)တွင် လေ့လာအကဲဖြတ်အချက်များ ကောက်ယူခဲ့သည်။ ယင်းရွာသည်လည်း ရေကာတာ တည်ဆောက်ပါက ရေအောက်ရောက်ရှိသွားမည့် ရွာတစ်ရွာ အပါအ၀င် ဖြစ်သည်။ သို့သော် SMEC ကုမ္ပဏီသည် ၁၂၀ အိမ်ခြေရှိ ၂ မိုင်ရွာ၏ သုံးပုံနှစ်ပုံကို အချက်အလက် ကောက်ယူနိုင်ပြီး ကျန်အိမ်ခြေ ၄၀ မှ ရွာသူရွာသားများသည် ကုမ္ပဏီမေးသည့် မေးခွန်းများကို ဖြေကြားရန် ငြင်းပယ်ခဲ့သည်။ 

SMEC လေ့လာအကဲ ဖြတ်ချက်ကောက်ယူရရှိချက်မှရလဒ်သည် ရေကာတာတည်ဆောက်ရေး အထောက် အကူပြုချက် ဖြစ်ခဲ့မည်ကို ရွာသားများ အလွန်ကြောက်ကြသဖြင့် ဒေသခံရွာသား ၈၀ ဦးခန့်သည် (ဇူလိုင် ၂၁ ရက်) မွန်းလွဲပိုင်းတွင် ၂မိုင် ရွာဘုန်းကြီးကျောင်း အတွင်းစုရုံးကာ ရေကာတာ လက်မခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။

ဇူလိုင် ၂၂ ရက်တွင် ရွာသားများက SMEC မှ လက်ခံရရှိထားသော လွယ်အိတ်များ အချိုရေပုလင်းများကို SMEC ကုမ္ပဏီ၏ အချက်အလက် ကောက်ယူသူများထံ ပြန်လည်ပေးအပ်ခဲ့ပြီး ထိုသို့ပြန်လည် ပေးအပ်ရာ တွင် ရေကာတာ ဆန့်ကျင်ရေးပိုစတာကတ်များနှင့်အတူ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List