မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုဖြစ်ပြီး နာဂစ်မုန်တိုင်း နောက်ပိုင်း ဖျက်အားအပြင်းဆုံး ရေကြီးရေလျှံမှုကို တိုင်းနှင့်ပြည်နယ် အများစုတွင် ဇူလိုင်လလယ်မှ စတင်၍ ယခုအချိန် အထိ ကြုံနေရဆဲဖြစ်သည်။ သြဂုတ်လ ၈ရက်အထိ ရေဘေးကြောင့် ၉၉ဦးသေဆုံးပြီး ပြည်သူတစ်သန်းခန့်ကို ရေဘေးဒုက္ခသည်ဖြစ်စေခဲ့သည်။
ဆိုးရွားသော အဆိုပါသဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ နာဂစ် မုန်တိုင်းနှင့်ကြုံတွေ့ခဲ့စဉ်က ကဲ့သို့ပင် တစ်နိုင်ငံလုံးရှိပြည်သူများက မိမိတို့တတ် အားသရွေ့ ငွေကြေးဖြင့်တစ်မျိုး၊ အလှူပစ္စည်းဖြင့် တစ်ဖုံ၊ လုပ်အားဒါနဖြင့်တစ်နည်း ရေဘေးသင့်ပြည်သူ များကို ကူညီဖေးမရန် ကြိုးစားခဲ့ကြသည်။ အထူး သဖြင့် နိုင်ငံတစ်ဝန်းရှိ လူငယ်များက ပရဟိတစိတ် အပြည့်ဖြင့် နေပူမိုးရွာမရှောင် ရေဘေးအလှူငွေများ ရရှိရန် ပင်ပန်းအဆင်းရဲခံကာ အလှူငွေများရရှိအောင် ကြိုးပမ်းနေသည်မှာ မြို့တိုင်းလိုလိုတွင် တွေ့နေရ သည်။ ရေဘေးအတွက် လုပ်အားဒါနပြုနေကြသော ပရဟိတအဖွဲ့များနှင့်ပတ်သက်၍ ပြည်သူများ၏အမြင် များကို စုစည်းဖော်ပြလိုက်ပါသည်။
ကိုကောင်းဇော်ဟိန်း
(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-မန္တလေးခရိုင်)
နေရာအနှံ့မှာ ရေဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံနေရတယ်။ ဒါကို အစိုးရအနေနဲ့ ထိရောက်စွာလုပ်ကိုင် ပေးခြင်းမရှိဘူး။ ဒီအတွက် ပြည်သူ ပြည်သားအချင်းချင်း လူသားချင်းစာနာထောက်ထားစွာနဲ့ ကျွန်တော်တို့ မန္တလေးနိုင်ငံရေးအင်အားစုများရယ် ပန်းရဲ့ လမ်းအဖွဲ့နဲ့ ပူးပေါင်းပြီး အလှူငွေကောက်ခံခဲ့ကြတယ်။ အဓိကစည်းကမ်းကတော့ ရေဘေးအတွက် အလှူခံတဲ့အချိန်မှာ အရက်သေစာမသောက်စားဖို့နဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်းမပြုဖို့ပါပဲ။ နေရာတိုင်းမှာတော့ ဝေဖန်မှုတွေရှိတာပေါ့။ လူငယ်တွေအခုလို လုပ်နေရတယ်ဆိုတာ အစိုးရအနေနဲ့ မလုပ်လို့ဖြစ်ရတာပါ။ အစိုးရအနေနဲ့ ထိရောက်စွာလုပ်မယ်ဆိုရင် အခုလို ဖြစ်စရာမရှိပါဘူး။ တစ်ချိန်မှာတော့ တကယ်လုပ်တဲ့အဖွဲ့ဆိုရင်တော့ ဝေဖန်သူတွေသိလာမှာပါ။
ကိုကျော်ဘုန်းနိုင် (တောင်ကြီး)
တောင်ကြီးမှာလည်း ရန်ကုန်လိုပါပဲ။ အလှူခံကြတာတွေ အားတက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အလှူခံတဲ့ လူလည်း ရန်ကုန်မှာလိုပဲ အရမ်း များလာကြတယ်။ ရှေ့မှာလှူပြီးလို့ ပိုက်ဆံသိပ်မရှိတော့လို့ နောက်အဖွဲ့ ကို မလှူမိပြန်ရင်လည်း အထင်သေးသလို အကြည့်ခံရသေးတယ်။ အလှူခံတဲ့လူကလည်း မရှက်မကြောက် အလှူခံရတာပဲ။ တောင်ကြီးမှာတော့ တောင်ကြီးတက္ကသိုလ်ရှေ့၊ ပန်းခြံ၊ ဈေးတို့မှာ လူတွေများပြီး စုနေကြ တယ်။ တချို့ကလည်း ၀ီစီမှုတ်ပြီး အလှူခံတာမျိုးတောင်ရှိတယ်ဗျ။ ကျွန်တော်ကတော့ အလှူလိုက်ခံတာ ထက်စာရင် မဏ္ဍပ်တို့၊ အလှူခံဌာနဖွင့် တာတို့ ပိုသဘောကျတယ်။ ကြိုက်တဲ့သူလာလှူလိမ့်မယ်လေ။ ဖြစ်နိုင် ရင် အဖွဲ့အားလုံးစုပြီး ညီညီညွတ်ညွတ်လုပ်စေချင်တယ်။ အားလုံးက ရည်ရွယ်ချက်တူတယ်လေ။
ကိုတိုး
YSA (Youth Social Association) မရမ်းကုန်း
ရေဘေးစဖြစ်တော့ တတ်နိုင်သလောက်လေးကူညီပေးချင်တဲ့စိတ်လေးဖြစ်တာပေါ့။ ကျွန်တော်တို့မှာလည်း YSA ဆိုတဲ့ အဖွဲ့လေးလည်းရှိ တယ်။ အဖွဲ့ရန်ပုံငွေလည်း ထိုက်သင့်သလောက်ရှိတော့ ရန်ပုံငွေတချို့ တစ်ဝက်ကို မတည်ပြီး မိတ်ဆွေသူငယ်ချင်းဆွေမျိုးတွေဆီကနေ အလှူ ငွေရှာတယ်။ မိတ်ဆွေ၊ သူငယ်ချင်း တွေဆီက အလှူခံပြီးသွားတော့ နောက်နည်းလမ်းတစ်ခုစဉ်းစားပြီး လမ်းဆုံတွေမှာ ဂီတနဲ့ ဖျော်ဖြေပြီး တော့ ရန်ပုံငွေရှာမယ်။ ရေဘေးအတွက်လူငယ်တွေရော အနုပညာရှင်တွေရော အလှူခံတာကို ကောင်း တယ်လို့ပဲ မြင်ပါတယ်။ အနုပညာရှင်တွေဆိုလည်း ရှေ့ဆောင်လမ်းပြအနေနဲ့ လုပ်ကြတော့ ပိုပြီးထိရောက် တယ်။ လှူတဲ့သူတွေလည်း ပျော်မှာပေါ့။ လိုတဲ့သူတွေလည်း အကျိုးရှိတယ်။ လူငယ်တွေကတော့ ဒုက္ခ ရောက်နေတဲ့သူတွေအပေါ် ကူညီချင်တဲ့စိတ် နဲ့ လုပ်နေကြတာပေါ့။ ဒါကို ထင်ယောင်ထင်မှားလုပ်ပြီး ကိုယ်ကျိုးအ တွက် အလှူငွေခံနေတာတွေလည်း ရှိမှာပေါ့။
မယဉ်နွယ်ဦး
သတင်းထောက် (မြို့တော်သတင်းစာ)
ရေဘေးကြုံနေတဲ့သူတွေကို ကူညီဖို့ လူငယ်တွေရော၊ အနုပညာ ရှင်တွေပါ နေရာအနှံ့မှာ အများကြီးအလှူ ခံနေကြတာ ကောင်းတယ်လို့ မြင်မိတယ်။ လူငယ်အဖွဲ့တွေအနေနဲ့ ကိုယ်တိုင်သွားလှူမယ်ဆိုရင်လည်း လှူမယ့်နေရာတွေမှာ အဓိကလိုအပ်နေတာတွေကို သေချာလေ့လာပြီးမှ သွားလှူစေချင်တယ်။ ဘေး အန္တရာယ်ကင်းရှင်းရေးအတွက်လည်း မသွားခင်ကတည်းက ကြိုတင်ပြင်ဆင်သွားသင့်တယ်။ကိုယ်တိုင်သွား မလှူနိုင်တဲ့ ပရဟိတအဖွဲ့ငယ်လေးတွေအနေနဲ့လည်း ယုံကြည်ရတဲ့ ပရဟိတအဖွဲ့ကြီးတွေဆီမှာ ပြန်လှူ ပေးရင် အဆင်ပြေနိုင်မယ်လို့ မြင်မိတယ်။ နေရာအနှံ့မှာ အလှူခံအဖွဲ့တွေရှိနေတော့ တစ်ဖွဲ့ကို လှူလိုက် ပေမယ့် ခဏနေရင် နောက်တစ်ဖွဲ့က ထပ်အလှူခံနေတဲ့အတွက် တစ်ခါတလေတော့ စိတ်အနှောင့်အ ယှက်ဖြစ်ရတယ်။ အဖွဲ့တွေအနေနဲ့ နီးစပ်ရာတွေစုပြီး တစ်ဖွဲ့တည်း စုစုစည်းစည်းလေးလုပ်ရင် ပိုပြီးအဆင် ပြေနိုင်ပါတယ်။
မနန်းခင်မိုးသူ (မန္တလေးမြို့ခံ)
လူငယ်တွေ၊ အနုပညာရှင်တွေက ကိုယ်ချင်းစာတရားအပြည့်အ၀နဲ့ နေပူမိုးရွာမရှောင် နေ့ညမရွေးလမ်း ပေါ်ထွက် အလှူခံတာ ယေဘုယျ အားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့ ကြာရှည်အဖွဲ့ပေါင်းစုံလမ်းပေါ်တက် နေတာ အမြဲအပြင်ထွက်နေရတဲ့သူတွေက မငြိုငြင်ရင်တောင် ညည်းညူ လာကြတယ်။ အစက အစ်မဆို OVDR 4MM မှာ ကိုယ်တိုင် သွားလှူတယ်။ လမ်းပေါ်ရောက်တော့လည်း ကလေးတွေအပင်ပန်းခံပြီး အလှူခံ နေတာမြင်တော့ ထည့်မိပြန်ရော။ ကြာလာတော့ ၅၀၀ တန်ကို လဲထားဖို့ စဉ်းစားရပြီ။ လမ်းပေါ်က ကလေးတွေ ဘယ်ကိုလှူမှာလဲလို့ သေချာမေး ကြည့်တယ်။ သူတို့မှာ တိကျတဲ့အဖြေမရှိဘူး။ အလှူခံတဲ့ အဆင့်အထိပဲ ကလေးတွေကို ပါဝင်စေချင်တယ်။ ပြီးတော့ Target ထား သိန်း ၅၀ ရရင် တော်ပြီ။ အတွေ့ အကြုံရှိပြီး ယုံကြည်ရတဲ့အဖွဲ့အစည်းကို အပ်ပြီး စုပေါင်းလှူစေချင်တယ်။ လူကြီးတွေနဲ့ ဆက်သွယ်ပူးပေါင်း သင့်တယ်။ ရေရှည်ဒီအတိုင်းတော့ မလွယ်ဘူး။
ကာတွန်း ဖောင်းဖောင်း
ရေဘေးအလှူခံအဖွဲ့နဲ့ ပါဝင်ဖြစ်တာက ရေဘေးသင့်ပြည်သူတွေ ကို ကူညီချင်လို့ ပါဝင်တာပါ။ ကျွန်တော် တို့က ကာတွန်းဆရာတွေဖြစ် တဲ့အတွက် အလှူခံကြတဲ့အခါမှာလည်း ဘာစည်းကမ်းမှ သတ်မှတ်ထား တာမရှိပါဘူး။ တကယ်တမ်းဆိုရင် ပြည်သူတွေကို ကြည့်ဖို့ လိုတယ်။ အလှူခံတွေများတဲ့အပေါ် ဝေဖန်သံ တွေ ကြားရတယ်။ ပရဟိတကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားကိုလည်း ရှာချင်ရှာကြလိမ့်မယ်။ လှူ ဒါန်းတဲ့သူတွေကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ရည်ရွယ်ပြီး လှူကြတယ်။ ကျွန်တော်တို့ကတော့ ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက် ကံ ကံ၏ အကျိုးကို ယုံကြည်တယ်။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာပဲ။ တကယ်ရေဘေးသင့်ပြည်သူတွေဆီကို အလှူငွေတွေရောက်ချင်လည်း ရောက် မယ်၊ မရောက်ချင်လည်း မရောက်နိုင်ဘူးပေါ့။
ကာတွန်း JOKER
ရေဘေးသင့်ပြည်သူတွေကို ကူညီပေးချင်တဲ့အတွက် မြန်မာနိုင်ငံ ကာတွန်းဆရာများစုပေါင်းပြီး ပရဟိတ လုပ်တဲ့ပွဲမှာ ပါဝင်ဖြစ်တာပါ။ အလှူခံတွေများနေလို့ ဝေဖန်သံတွေကို ရပ်ကွက်ထဲမှာလည်း ကြားရ ပါတယ်။ သေချာတာကတော့ အလှူခံခြင်းက သူတို့အတွက်မဟုတ်ပါ ဘူး။ မိုးတွေရွာနေတဲ့ ကြားထဲမှာလည်း ရေဘေးသင့်ပြည်သူတွေကို ကယ်တင်ဖို့အတွက် အလှူခံကြတယ်။ ဒါကို ဝေဖန်တဲ့သူတွေနားလည်ဖို့ လို အပ်ပါတယ်။ ကျွန်တော်တို့က ကာတွန်းဆရာတွေဖြစ်ကြတဲ့အတွက် အလှူခံထွက်တဲ့အခါမှာလည်း စည်းကမ်းသတ်မှတ်ချက်ဆိုတာမရှိပါ ဘူး။ ကိုယ်တင်ပြချင်သလို တင်ပြရေးဆွဲလို့ရတယ်။
ကိုအိုက်ပီ (ကာတွန်းဆရာ)
ရေဘေးကြုံနေရသူတွေကို ကူညီဖို့အတွက် လူငယ်အဖွဲ့တွေနဲ့ အနုပညာရှင်တွေအကုန်လုံးစည်းစည်း လုံးလုံးနဲ့ ပရဟိတလုပ်နေကြတာ ကမ္ဘာကလည်း မြင်တယ်။ အဲဒီလိုလုပ်တဲ့အတွက် ပိုပြီးထိရောက်တယ် လို့လည်း ထင်ပါတယ်။ အလှူခံတွေက နေရာအနှံ့ဖြစ်နေတဲ့အပေါ် ဝေ ဖန်မှုတချို့ရှိနေပေမယ့် ပရဟိတငယ်အဖွဲ့လေးက သူတို့ကောက်လို့ရတဲ့ ငွေတွေကို ရေဘေးသင့်ပြည်သူတွေဆီရောက်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပိုပြီးစနစ်တကျဖြစ်အောင် ပရဟိတအဖွဲ့ငယ်လေးတွေက ပရဟိတအဖွဲ့ကြီးတွေနဲ့ ပေါင်းပြီး လှူရင်ပိုပြီးထိရောက်နိုင်တယ်လို့ အကြံပေးချင်ပါတယ်။
ဦးတင်လင်း
ကုန်သည်အလယ်ရပ်ကွက်၊ မုံရွာမြို့
တချို့က ဖလားတွေနဲ့ လမ်းပေါ်တက်သူတွေရှိသလို လုပ်အားနဲ့ ရတဲ့ငွေကို ရေဘေးသင့်ပြည်သူတွေအ တွက် အလှူပေးကြတယ်။ ဒီလုပ် ရပ်က ကောင်းပါတယ်။ အလှူခံတဲ့သူတွေအနေနဲ့ လူမှုကူညီရေးအဖွဲ့ တွေ၊ အထောက်အကူပြုအဖွဲ့တွေနဲ့ ရေဘေးကြုံတွေ့ရတဲ့ဒေသတွေမှာ စနစ်တကျစာရင်းပြုစုပြီးမှ လှူသင့်တယ်။ ရေဘေးကယ်ဆယ်ရေးအဖွဲ့ အစည်းတွေ ညီညီညွတ်ညွတ်နဲ့ သွားရောက်လှူဒါန်းရင် အလှူရှင်တွေ ယုံကြည်မှုပိုရှိနိုင်ပါတယ်။ ရေဘေးဒုက္ခကြုံတွေ့နေရသူတွေကို ထိထိ ရောက်ရောက်ကူညီ နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကိုဘုန်းနိုင် (We are Citizen)
မုံရွာမြို့
ရေဘေးအတွက် အလှူခံတာကောင်းပါတယ်။ အလှူခံတာများနေ တယ်လို့ မြင်တယ်။ လိုအပ်တဲ့ပစ္စည်း တွေကို တကယ်လိုအပ်မယ့်နေရာ မှာ ထိထိရောက်ရောက်ပေးပို့တာ အားနည်းနေပါသေးတယ်။ ရေဘေး ကူညီရေးအတွက် အဖွဲ့အစည်းပေါင်းစုံချိတ်ဆက်ပြီး မြေပြင်ကွင်းဆင်း တာတွေ လုပ်မှထိရောက်ပါမယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တွေ၊ ရပ်ကွက်ထဲက ယုံကြည်စိတ်ချရသူတွေ ပိုလှူကြတယ်။ တချို့အလှူခံအဖွဲ့အစည်းက အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေ တယ်။ အလှူခံရရှိတဲ့ စာရင်းရှင်းတမ်းတွေ ထုတ်ပြန်ပေးရင် ဝေဖန်မှုတွေကင်းဝေးနိုင်ပါတယ်။
ကိုသူရိန်
(မန္တလေးမြို့ခံ)
အသက် (၂၀)ခန့် ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်လေးတွေ ကိုယ်တိုင်အစုအဖွဲ့လေးတွေနဲ့ စိတ်ရောကိုယ်ရောနှစ်ပြီး အလှူခံနေကြ တာ၊ ကူညီနေကြတာတွေ့လို့လည်း ၀မ်းသာပါတယ်။ ကဗျာ၊ စာပေ၊ ပန်းချီ၊ ဓာတ်ပုံ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်စတဲ့ အနုပညာရှင်တွေ ကိုယ်စီ ကိုယ်စီစုဖွဲ့ပြီး တတ်စွမ်းတဲ့ အနုပညာနဲ့ အလှူခံကြတာတွေ၊ ရေဘေး သင့်ဒေသတွေဆီအထိ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စွန့်စွန့်စားစား ကူညီကယ်ဆယ်ရေးလုပ်နေတာတွေကို တွေ့ရတော့ ကြည်နူးမိပါတယ်။ ဒါပေမဲ့လည်း ‘‘ငါတို့က အများအတွက် အလှူခံနေကြတာ၊ ဒီအချိန် ငါတို့က အရေးကြီးဆုံး’’ဆိုတဲ့ စိတ်ကိုရှေ့တန်းအတင် လွန်ပြီး လမ်းပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့ အများသူငါတွေကို အနှောင့်အယှက်ဖြစ် သွားနိုင်လောက် တဲ့ အနေအထားလေးတွေကိုတော့ သတိထားစေချင်ပါတယ်။ တချို့တွေက ကိုယ်တိုင်အလှူခံကြတယ်။ အလှူငွေများလာတဲ့အချိန်မှာ အဖွဲ့အစည်းနာမည်တစ်ခုခုပေးကြပြီး အဖွဲ့လိုက်သွား ရောက်လှူဒါန်းကြတာ တွေ လုပ်ကြပါတယ်။ အဲဒီလိုသွားပြီး လှူမယ်ဆိုရင်လည်း အဲဒီဒေသမှာ ကယ်ဆယ်ရေးရောက်နေတဲ့ အဖွဲ့အစည်းတွေဆီမှာ တကယ်လိုအပ်တဲ့ ပစ္စည်းတွေကိုစုံစမ်းပြီး လှူကြစေချင်ပါတယ်။ သွားပြီးလှူဒါန်းကြ ရာမှာလည်း ငါတို့ကိုယ်တိုင်အဲဒီဒေသထိ သွားလှူမယ်ဆိုတာထက် နာမည်ကျော်ပရဟိတအသင်းတွေ ရေဘေးသင့်ဒေသတွေမှာ ထိထိရောက်ရောက်ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလှူဒါန်း ကြစေချင်ပါတယ်။ကိုယ်တွေသွားလာရမယ့် ခရီးစရိတ်ကိုပါ ကိုယ့်အလှူထဲမှာ ထပ်ဖြည့်နိုင်တာပေါ့။ အခုအချိန်မှာ ရေဘေးသင့်ဒေသကို သွားလှူကြဖို့ ပရဟိတအဖွဲအတွက် နာမည်ပေးဖို့ စဉ်းစားနေကြတာ ထက် စနစ်တကျဖွဲ့စည်းထားပြီးသားဖြစ်တဲ့ ပရဟိတအသင်းတွေ၊ ပြည်သူ့အကျိုးပြုအဖွဲ့အစည်းတွေဆီကို တိုက်ရိုက်လှူဒါန်းကြတာ ပိုပြီးသင့်လျော်မယ်လို့ထင်ပါတယ်။ လုပ်အားပေးအနေနဲ့လည်း ပူးပေါင်းပါဝင်နိုင် တာပဲလေ။
မထွန်းထက်ထက်မိုး
ဒဂုံမြို့နယ်
တစ်ဦးချင်းလမ်းမပေါ်ထွက် လိုက်အလှူခံနေကြတာထက် ဖောင် ဒေးရှင်းတစ်ခုခုကနေ ဆောင်ရွက်ပေး လိုက်ရင် အခုထက်ပိုပြီး အများကြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။ မှတ်ပုံတင်ပြီး မြို့နယ်အလိုက်ကောက်ခံ ရင်လည်း ကောင်းပါတယ်။ လှူတာကကောင်းတယ်၊ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ ထိထိရောက် ရောက်နဲ့ အစီအစဉ်တကျလှူတာမျိုး ဆောင်ရွက်သင့်တယ်။ လူသားချင်းစာနာစိတ်ထားတဲ့ အေးချမ်းတဲ့ မြေမို့ လို့ လှူဒါန်းကြတာမြင်တော့ ပီတိဖြစ်တယ်။ အခုက လူလူချင်းတင် မဟုတ်ဘူး။ တိရစ္ဆာန်လေးတွေ ကိုပါ ဂရုစိုက်ကြတာ မြန်မာနိုင်ငံသားအားလုံးရဲ့ စာနာသနားကြင်နာမှုကို တွေ့ရတဲ့အတွက် မြန်မာလူမျိုး ဖြစ်ရတာလည်း ဂုဏ်ယူမိတယ်။
မစုစန္ဒီဇော်
ရေကြောင်းပညာတက္ကသိုလ်
ရေဘေးသင့်ပြည်သူတွေအတွက် လမ်းမပေါ်ထွက်ပြီး ကိုယ်တိုင် ကိုယ်ကျအလှူလိုက်လံကောက်ဖြစ်တာက သူတို့တွေအခုလို ဒုက္ခတွေ ဖြစ်နေတဲ့အချိန်၊ စိတ်ဆင်းရဲနေကြရတဲ့အချိန်မှာ ကိုယ်ကစိတ်သက် သောင့် သက်သာမရှိဘူး။ ဒါကြောင့် လူက အလိုလိုနေရင်းစိတ်ခံစားမှုတွေဖြစ်လာလို့ တစ်နိုင်တစ်ပိုင်ကူညီဆောင် ရွက်ပေးခဲ့တာပါ။ အလှူငွေ ကောက်ခံရာမှာလည်း တချို့သော မသမာသူတွေနဲ့ ရောနှောမှာစိုးတာ ကြောင့် ကျောင်းဝတ်စုံအပြည့်ဝတ်ဆင်ပြီး ထွက်ပါတယ်။
ကိုရဲသူရိန်
ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ (ရေကြောင်းပညာတက္ကသိုလ်)
ရေဘေးကြုံနေရသူတွေကို ကူညီဖို့အတွက် လူငယ်အဖွဲ့အစည်း တွေရော၊ အနုပညာရှင်အဖွဲ့တွေရော စည်းစည်းလုံးလုံးနဲ့ လမ်းတွေပေါ် ထွက် အလှူခံမှုအပေါ်ကိုတော့ ကောင်းပါတယ်လို့ပဲ ပြောပါရစေ။ မြန်မာနိုင်ငံမှာ ပရဟိတစိတ်ထားလေးတွေရှိတာမြင်ရတော့ သဘောကျပါ တယ်။ တစ်ခုပဲ နည်းစနစ်အရ အရမ်းအားနည်းတယ်။ စည်းစည်းလုံးလုံး အကွက်ကျကျမရှိဘူး။ တကယ့်အစီအစဉ်အကြီးကြီး (Strategic Plan) သေချာမရှိဘူးပေါ့။ ဟိုတစ်စု ဒီတစ်စုဖြစ်နေပြီး တစ်နေရာတည်းမှာ အလှူ ခံအဖွဲ့ လေး၊ ငါးဖွဲ့တချို့ နေရာမှာဆို လှူချင်တဲ့လူအရေအတွက်ထက် အလှူခံမယ့် လူအရေအတွက်က များနေတာ ဒါမျိုးက သိပ်စိတ်မကောင်း ဘူး။ အဲဒီလို ဟိုတစ်စု ဒီတစ်စုလုပ်နေမယ့်အစား အဖွဲ့တွေအချင်းချင်း (တက္ကသိုလ် တက္ကသိုလ်ချင်း၊ အဖွဲ့အစည်း အဖွဲ့အစည်းချင်း)သေချာတိုင်ပင်ညှိပြီး ဆောင်ရွက်ရင် ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။
ကိုလွင်လတ်
(မြန်မာနိုင်ငံစကိတ်စီးဝါသနာရှင်များအသင်းဥက္ကဋ္ဌ)
ကျွန်တော်တို့ နှစ်ရက်လောက်ပဲ အလှူခံတယ်။ နောက်တော့ အလှူခံတဲ့လူတွေများလာတာနဲ့ မလေးရှား မှာ စကိတ်ပြိုင်ပွဲရှိတာရယ် ကြောင့် ရပ်လိုက်တာပါ။ ရိုးရိုးအလှူခံတဲ့လူတွေရော အတင်းအလှူခံတဲ့ လူတွေရောရှိလာတော့ မလှူနိုင်တဲ့ လူခမျာလည်း မျက်နှာပူလာတယ်လေ။ အလှူခံအဖွဲ့တွေကိုလည်း ပေါ်ပင်လို့မပြောပါဘူး။ ဒါပေမဲ့ လူတွေများလာတော့ အလှူပေးတဲ့လူက မပေးနိုင်တော့တဲ့ သဘောပါ။ လူငယ်တွေလည်း နိုင်သလောက်တော့လုပ်ချင်တာပေါ့။ ကျွန်တော်တို့ကတော့ ကိုယ်တတ်တဲ့ စကိတ်စီး တဲ့ပညာနဲ့ သရုပ်ပြတယ်။ အလှူခံတယ်။ တောင်းဆိုရင် ထပ်စီးပြတယ်လေ။ အဲဒီလိုပုံစံမျိုးကတော့ အတင်း ကြီးမဖြစ်ဘူး ထင်တာပါပဲ။ မန္တလေးနဲ့ ရန်ကုန်မှာရတဲ့ ငွေတွေကို ရခိုင်နဲ့ ချင်းတွေမှာ ချိတ်ဆက်ပြီး လှူသွား မှာပါ။
မ၀င်းမာ
(Save Myanmar အလှူခံအဖွဲ့)
၇ ရက်အလှူခံတာ သိန်း ၁၀၀ ၀န်းကျင်တော့ ရပါတယ်။ လှည်းတန်းတစ်ဝိုက်နဲ့ လှည်းတန်းစင်တာအောက် မှာပဲ သူငယ်ချင်းတွေစုပြီး အလှူ ခံကြတာပါ။ အစပိုင်းက ငွေများများအလှူခံရပေမယ့် အလှူခံသူတွေ များတော့ ငွေနည်းသွားတာပေါ့။ ရေဘေးအတွက်ပဲ ဦးတည်နေကြတာကိုး။ ကြာတော့ အဖွဲ့အချင်းချင်း လည်း အားနာလာတယ်။ ကောက်ရ တာလည်း ရှက်လာတယ်။ အရမ်းကြာတော့လည်း မကောင်းဘူးပေါ့ နော်။ ကြာတော့လည်း ငြိုငြင်လာကြမှာ။ တကယ်လို့ အဖွဲ့တွေ စည်းစည်းလုံးလုံးရှိပြီး အတူတူကောက်ဖို့ ကလည်း မဖြစ်နိုင်ဘူးလေ။ အုပ်ချုပ် ရေးမှူးရုံးက တစ်လှည့်စီခွင့်ပြုပေးရင် မျက်စိပိုရှင်းသွားမလားလို့။ သူ့ကို သွား ခွင့်ပြုချက်ယူတာမျိုးထက် သူက ကောင်းကောင်းအကြံပေးရင် ကောင်းမယ်လေ။ လှူတဲ့သူ တွေလည်း လာသမျှအလှူခံထည့်စရာမလို တော့ဘူး။ အဖွဲ့နည်းနည်းကိုပဲ ငွေကြိုက်သလောက်ထည့်လို့ ရတာပေါ့။
7Day Daily
No comments:
Post a Comment