Wednesday, December 17, 2014

စာသင်ကျောင်း တိုက်ခိုက်မှုအပြီး ပါကစ္စတန်တွင် သုံးရက်ကြာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် သတ်မှတ်



နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး စာရင်းဝင် အကြမ်းဖက်မှုကြီး တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံ၊ ပီရှာဝါမြို့တွင် သုံးရက်ကြာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် သတ်မှတ်ကြေညာ ထားလိုက်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က စစ်တပ်အုပ်ထိန်းမှုအောက်ရှိ စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန် အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းမှု အထိမ်းအမှတ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အပြစ်မဲ့ ကျောင်းသူ ကျောင်းသား ကလေးငယ် (၁၃၂)ဦးနှင့် ပညာရေးဝန်ထမ်း (၉)ဦးတို့ သေဆုံးခဲ့ရသည်။

ဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် ခေါင်းတလားများအနီး လွမ်းသူ့ပန်းခွေ လာချသူများဖြင့် စည်ကားနေသလို ဆေးရုံများရှေ့တွင် ရင်တထိတ်ထိတ်နှင့် သတင်းစောင့်နေသူ အများအပြားလည်း ရှိနေသည်။

စစ်တပ်၏ အဆိုအရ ဒီဇင်ဘာ ၁၆ ရက် တိုက်ခိုက်မှုတွင် တာလီဘန် အသေခံတပ်သား (၇)ဦး ပါဝင်ခဲ့ပြီး ၎င်းတို့တစ်ဦးချင်းစီက ဖောက်ခွဲရေး ပစ္စည်းများကို ရင်ဘတ်တွင် တပ်ဆင်ထားပြီး အသေခံ ဗုံးခွဲသွား ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်ရေးသမားများသည် စာသင်ကျောင်းကို ကာရံထားသည့် သံဆန်ကာစည်းရိုးကို ဖြတ်တောက်ကာ ကျောင်းနောက်ဘက်မှ ဝင်ရောက်လာပြီး ကျောင်းသူကျောင်းသား များကို လက်တွေ့စာမေးပွဲတစ်ခု စစ်ဆေးနေစဉ် လူအုပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင်မူ အနီးတဝိုက်ရှိ စာသင်ဆောင်များထဲ ဝင်ရောက်ကာ တွေ့သမျှ ကျောင်းသူကျောင်းသားများ၊ ဝန်ထမ်းများကို ပစ်သတ်ခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသူများက ပြောကြားခဲ့သည်။ ဖြစ်စဉ်တွင် စုစုပေါင်း (၁၄၁)ဦး အသေအပျောက် ရှိခဲ့သလို ဒဏ်ရာများဖြင့် ဆေးရုံရောက်ရှိခဲ့သူ (၁၂၅)ဦး ရှိကြောင်း သိရသည်။ အကြမ်းဖက်မှုကို ကျူးလွန်သည့် သေနတ်သမား (၇)ဦးစလုံး သေဆုံးသွားကြောင်းလည်း စစ်တပ်က ကြေညာသည်။

ပါကစ္စတန် တာလီဘန် တပ်ဖွဲ့က စစ်တပ်၏  ထိုးစစ်များအတွင်း မိမိတို့၏ မိသားစုဝင်များ သေဆုံးရခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် ယခုတိုက်ခိုက်မှုကို စီစဉ် အကောင်အထည် ဖော်ခဲ့ကြောင်း ကြေညာခဲ့သည်။

သေဆုံးသူ ကလေးငယ် တစ်ဦး၏ ဈာပနတွင် ဖခင်ဖြစ်သူက “ကျွန်တော့်သား အသက်(၁၅)နှစ်ပဲ ရှိပါသေးတယ်။ (၈)တန်း ကျောင်းသားပါ။ ကျွန်တော့်ဆီ ဖုန်းဝင်လာတော့ အလုပ်မှာပဲ ရှိနေသေးတယ်။ သိသိချင်း ဆေးရုံကို အမြန်ပြေးသွားပြီး သားကို တွေ့ပါတယ်။ သူ့ရင်ဘတ် ညာဘက်မှာ ကျည်ဆန်တစ်တောင့် ဝင်နေတယ်။ နောက်ထပ် ကျည်တစ်တောင့်က သူ့လက်ကို ထိထားတယ်။ စိတ် မကောင်းပါဘူး။ ကျွန်တော် ဒီအကြောင်းကို ဆက်မပြောနိုင်တော့လို့ပါ”ဟု AP သတင်းထောက်ထံ ပြောကြားခဲ့သည်။

သေဆုံးသူ (၁၀)နှစ်အရွယ် ဂူလ်ရှား၏ ဦးလေးဖြစ်သူ ဆာဂျစ်ဒ်ခန်းက မိမိ၏တူသည် ဆရာဝန်တစ်ဦး ဖြစ်လာရန် ရည်မှန်းထားသူဖြစ်ကြောင်း ဝမ်းနည်းပက်လက် ဆိုသည်။ “အကြမ်းဖက်သမားတွေကို ကျွန်တော်တို့ကတော့ လက်စားမချေနိုင်ဘူးပေါ့။ ဒါပေမဲ့ အလ္လာအရှင်မြတ်က လက်စားချေပေးပါစေလို့ ဆုတောင်းပါတယ်”ဟုလည်း ၎င်းက တိုင်တည်ခဲ့သည်။

မိန်းကလေးငယ်များ ပညာသင်ကြားခွင့် ရရေးအတွက် လှုံ့ဆော်တောင်းဆိုမှုကြောင့် တာလီဘန် တပ်ဖွဲ့များ၏ အညှိုးထား လုပ်ကြံမှုနှင့် ကြုံရဖူးသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အသက်(၁၇)နှစ်အရွယ် ကျောင်းသူလေး မာလာလာ ယူဆွတ်ဖ်ဇိုင်က တာလီဘန်တို့၏ လုပ်ရပ်သည် ယုတ်မာကောက်ကျစ်ပြီး သူရဲဘောကြောင်လွန်းကြောင်း ရှုတ်ချခဲ့သည်။

“အပြစ်မဲ့ ကလေးငယ်တွေကို စာသင်ကျောင်းထဲ ဝင်သတ်တဲ့ ကိစ္စလောက် ဆိုးရွားတာ မရှိတော့ဘူး”ဟုလည်း သူမက ဝေဖန်ခဲ့သည်။ ပါကစ္စတန် စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ အေဆင်မ်ဘက်ဂ်ျဝါက အခင်းဖြစ်ပြီးနောက် ခိုင်ဘာရှိ တာလီဘန် ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု (၁၀)ကြိမ် ပြုလုပ်ပြီး အခြားသော အရေးယူ တုံ့ပြန်မှုများ ရှိခဲ့ကြောင်း Twitter တွင် ရေးသားခဲ့သော်လည်း အသေးစိတ်ကို ဖော်ပြမထားချေ။

ပါကစ္စတန် တာလီဘန်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် ခူရာဆာနီကလည်း စစ်တပ်၏ ထိုးစစ်ကို တာလီဘန် တပ်များက မဖြစ်မနေ တုံ့ပြန်ခဲ့ရကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ ၎င်းက စစ်တပ်သည် တာလီဘန် မိသားစုများမှ အမျိုးသမီးနှင့် ကလေးများကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်းလည်း စွပ်စွဲထားသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း အာဖဂန်နစ္စတန်နှင့် နယ်စပ်အနီးရှိ ခိုင်ဘာနှင့် ဝါဇီရစ္စတန် မြောက်ပိုင်းဒေသများတွင် ပါကစ္စတန် စစ်တပ်၏ ထိုးစစ်များ အရှိန်မြှင့်တင်ခဲ့ပြီးနောက်ပိုင်း တာလီဘန်တပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးခဲ့ကြောင်း သိရှိရသည်။

7Day

No comments:

Post a Comment

My Blog List