Wednesday, December 17, 2014

အာဏာပြန်မသိမ်းရန် လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းထားခြင်းဖြစ်ဟု ဦးတင်အေးပြောကြား



မြန်မာနိုင်ငံရေးတွင် တပ်မတော်က အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားစေရန်အတွက် အခြေခံဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းထားခြင်း ဖြစ်ကြောင်း တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ပြည်ထောင်စု လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ ထည့်သွင်းထားခြင်းကို ဒီမိုကရေစီ ရင့်ကျက်မှု နည်းပါးနေချိန်တွင် လျှော့ချရန် မဖြစ်နိုင်သေးကြောင်း ၎င်းကဆိုသည်။

“စစ်တပ် ၂၅ ရာခိုင်နှုန်းကို ပြောကြေးဆိုရင် အာဏာမသိမ်းအောင်လို့ တစ်နည်းအားဖြင့် စစ်တပ်က အာဏာပြန်မသိမ်း ဖြစ်အောင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အတွင်းမှာ ဝင်ပြီး ထိန်းသိမ်း ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထည့်ထားတာပါ၊ အဲဒါကလည်း ဒီမိုကရေစီ ရေချိန်မြင့်လာတာနဲ့ လျော့သွားမှာပါ” ဟု ၎င်းကဆိုသည်။

တပ်မတော် အစိုးရလက်ထက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော တပ်မတော်၏ လုပ်ပိုင်ခွင့်နှင့် ပါဝင် ပတ်သက်ခွင့်များမှာ ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီခြင်း မရှိကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ပြ ဝေဖန်နေကြသည်။

သို့သော်လည်း ပြည်ထောင်စု လွှတ်တော်အတွင်း ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များ၏ အချိုးအစားကို ဒီမိုကရေစီ ရင့်ကျက်လာသည့် အချိန်နှင့်အမျှ လျှော့ချသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၀ က ဆွေးနွေးရာတွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ အပါအဝင် တပ်မတော်၏ နိုင်ငံရေး ဦးဆောင်ကဏ္ဍနှင့် သက်ဆိုင်သော အခြေခံဥပဒေ ပုဒ်မများကို ပြင်ဆင်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List