Tuesday, December 16, 2014

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုနှေးကွေးနေ


ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၁ ခုနှစ်မှ စတင်ကာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍသည် လက်ရှိအချိန်အထိ ဖွံ့ဖြိုးမှုနှေး ကွေးနေဆဲဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍလုပ်ငန်းရှင်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များဘက်က ပြည် ထောင်စုဝန်ကြီးကို တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အန္တရာယ်ရှိတဲ့နိုင်ငံတွေ စာရင်းမှာ မြန်မာကို နိုင်ငံတကာက ထည့်သွင်းဖော်ပြထားတယ်။ သူတို့ရဲ့ အဓိက အကြောင်းပြချက်ထဲမှာ Logistics အားနည်းနေတဲ့အတွက် ကြောင့်လည်းပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကို ပြောသည်။

အာဆီယံစီးပွားရေးအသိုင်းအ၀န်း၊ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းတို့ကို စတင်ဆောင်ရွက် မည့်အချိန်၌ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍအတွက် ကြီးမားသည့်စိန်ခေါ်မှုများအဖြစ် ရှိလာမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိအချိန်တွင် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကုန်စည်များအတွက် ရန်ကုန်လေဆိပ်သည် လုံ လောက်မှုမရှိတော့သည့် အခြေအနေဖြစ်နေပြီး လေကြောင်းကုန်စည် ပို့ဆောင်ရေးဆုံချက်အဖြစ် လျာ ထားသည့် မန္တလေးလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၅ နှစ်ဆန်းပိုင်းမှသာ စတင်ဆောင် ရွက်နိုင်မည်ဖြစ်ကာ နှစ်နှစ်ခန့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၄ ရက်တွင် သယ်ယူပို့ဆောင် ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို လုပ်ငန်းကဏ္ဍအလိုက် ကုန်စည်၊ ကုန်သွယ်ရေး၊ ဆိပ်ကမ်း၊ အဝေးပြေးကုန် စည်ပို့ဆောင်ရေးစသည့် လုပ်ငန်းရှင်များ၏ တင်ပြချက်ကို စုစည်းကာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်ထံ ပြန်လည် တင်ပြမည်ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ၌ နေပြည်တော်တွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းကြောင်းကြောင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိခဲ့သည့် ဖြစ်ရပ်များလည်းရှိသည်ဟု လုပ်ငန်းရှင်များက ပြောဆိုသည်။

လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာနသည် သယ်ယူပို့ဆောင်ရေး မဟာဗျူဟာ ရေးဆွဲအကောင်အထည် ဖော်နေသည်။

Mizzima 

No comments:

Post a Comment

My Blog List