Wednesday, December 17, 2014

အမိန့် အာဏာဖြင့် ဆရာ၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းစေခြင်းကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ကန့်ကွက်


ဆရာ၊ ဆရာမ သမဂ္ဂများ၊ ကျောင်းသား သမဂ္ဂ များကို အမိန့် အာဏာဖြင့် ဖွဲ့စည်း စေခြင်းကို အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။
ပညာရေး ၀န်ကြီးဌာနသည် ပညာရေး နည်း ဥပဒေများ ရေးဆွဲ အတည်ပြုရခြင်း မရှိသေးမီ ၀န်ကြီး၏ အမိန့်ဟု ဆိုကာ တက္ကသိုလ် ကောလိပ် များတွင် ဆရာ၊ ဆရာမ ယူနီယံများ၊ ကျောင်းသား ယူနီယံများ ဖွဲစည်းရန် လုပ်ဆောင်နေ သဖြင့် ထိုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် ထံမှ သိရသည်။
အခုလို လုပ်တာ ပြကောင်းအောင် လုပ်နေတာ ဖြစ်တယ်။ ဒီလို လုပ်တဲ့ အတွက် ကောင်းကျိုး အများကြီး မဖြစ်စေ နိုင်ဘူး ဟု မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက The Messenger Media သို့ပြောသည်။
အမျိုးသား ပညာရေး နည်းဥပဒေကို အတည်ပြု မပြဋ္ဌာန်းမီ အသင်း အဖွဲ့ကို အမိန့် အာဏာဖြင့် အတင်းအကျပ် ဖွဲ့စည်းမှုသည့် လတ်တလော ကျောင်းသား များ၏ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုနှင့် တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂများ၏ လှုပ်ရှားမှုများကို မှေးမှိန် စေရန် တန်ပြန် လုပ်ဆောင်မှုမျိုး ဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များကို နိုင်ငံတကာမှ အတုအယောင် ပြောင်းလဲမှု အဖြစ် ယုံမှား သံသယ ဖြစ်စေသည်။ ထို့ကြောင့် ပညာရေး ၀န်ကြီးဌာန၏ အဆိုပါ လုပ်ရပ် များသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည် သွားစေ နိုင်ကြောင်း သုံးသပ်တွေ့ရှိ ရသည် ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိ ဆရာ၊ ဆရာမများ သမဂ္ဂ များကို ၂၀၁၂ ခုနှစ်မှ စတင်ကာ တည်ဆဲ ဥပဒေ အရ ဖွဲ့စည်း ထားခြင်း ဖြစ်သော်လည်း ပညာရေး ၀န်ကြီး ဌာနသည် အဆိုပါ သမဂ္ဂများကို ပညာရေး ကဏ္ဍရှိ သက်ဆိုင်သူများ အဖြစ် အသိအမှတ် မပြု သကဲ့သို့ ပညာရေး ပြုပြင် ပြောင်းလဲမှု တွင်လည်း အဆိုပါ သမဂ္ဂများကို ပါဝင်စေခြင်း မရှိခဲ့ သဖြင့် ယခု လုပ်ဆောင်မှုသည် ဆရာ၊ ဆရာမများ အကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အတည်ပြု ပြဌာန်း ထားသော အမျိုးသား ပညာရေး ဥပဒေတွင် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကို ထည့်သွင်း ရေးဆွဲ ထားခြင်း မရှိသဖြင့် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးကို ကျောင်းသားများက ဆန္ဒပြလျက် ရှိသည်။
Messenger News Journal

No comments:

Post a Comment

My Blog List