Wednesday, December 17, 2014

အစိုးရနှင့် ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တို့ မတွေ့ဆုံနိုင်၍ ကေအိုင်အေမှ ဆက်ကြေးကောက်၊ လူဖမ်းသည့် ကိစ္စရပ်များ ဖြေရှင်းစရာလမ်းကြောင်း မရှိသေးဟု ရှမ်းရေးရာအဖွဲ့ ပြောကြား


အစိုးရနှင့် ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တို့ မတွေ့ဆုံနိုင်ခြင်းကြောင့် ဆက်ကြေးကောက်၊ လူဖမ်းသည့်ကိစ္စရပ်များ ဖြေရှင်းစရာလမ်းကြောင်း မရှိဟု ရှမ်းရေးရာအဖွဲ့မှ ဦးစန်းဝေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရှမ်းရေးရာအဖွဲ့မှ ဦးစန်းဝေက “လူဖမ်းတာ၊ ဆက်ကြေးကောက်တာတွေနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကို ကျွန်တော်တို့အဖွဲ့ဟာ အခါအားလျော်စွာ စာတင်ခဲ့တာ ရှိပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုနောက်ပိုင်းမှာ ကျွန်တော်တို့လည်း ဘာမှတင်ပြနိုင်တာ မရှိဘူး။ သူတို့လည်း တရားဝင် ရပ်ဆိုင်းထားတယ်လို့တော့ သိရတယ်။ ကျွန်တော်တို့လည်း အခုဆိုရင် ဘယ်ကိုစာတင်ပြီး ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ ဘယ်လိုဖြစ်ဖြစ် သူတို့နဲ့ ဆက်သွယ်ပြီးလုပ်တော့ အောင်မြင်တယ်လို့ မပြောနိုင်သည့်တိုင် ဆက်ကြေးကောက်တာ လျော့လာတာ၊ လူမဖမ်းတော့တာတွေ ရှိပါတယ်။ မဆက်သွယ်တာနဲ့စာရင် ဆက်သွယ်တာက လူ့အခွင့်အရေး ချိုးဖောက်တာတွေ လျော့နည်းတယ်လို့ မြင်တယ်။ လိုချင်တဲ့ အနေအထားတော့ မရောက်ဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ကျတော့ ဘယ်လိုဆွေးနွေးကြတယ်ဆိုတာ သိမှမသိရတာ” ဟု ပြောကြားသည်။

ရှမ်းရေးရာအဖွဲ့၏ ပြောကြားချက်အရ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားသော လူငယ်ပေါင်း ၂၃ဝ ကျော်ရှိပြီး တရားဝင်လွှတ်ပေးခြင်း မရှိသော်လည်း လူငယ်အတော်များများ ထွက်ပြေးလွတ်မြောက်လာကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုတွင် ကျဆုံးမှုများ ရှိမည်ဖြစ်သော်လည်း စာရင်းမရနိုင်သေးကြောင်း၊ ယင်းတို့အတွက် လာမည့် ၂ဝ၁၅ ခုနှစ် လွတ်လပ်ရေးနေ့တွင် လွတ်မြောက်ရန် ကုသိုလ်ဒါနများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစန်းဝေက “၂ဝ၁၁ နောက်ပိုင်း ဖမ်းဆီးခံလူငယ်တွေ အမြန်ဆုံးပြန်လွတ်နိုင်ဖို့ ဇန်နဝါရီ ၃ ရက်မှာ သံဃာတော်တွေပင့်ဖိတ်ပြီး မြစ်ကြီးနားမြို့က ဆုတောင်းပြည့်ဘုရားမှာ ဆုတောင်းပရိတ်ရွတ်မယ်။ ၂ဝ၁၁ နောက်ပိုင်း ကေအိုင်အေထဲဝင်ပြီး သေဆုံးသွားသူတွေအတွက် ဆွမ်းကပ်မယ်။ ကျွန်တော်တို့ဆီမှာတော့ ဖမ်းဆီးခံရတဲ့ ရှမ်းလူငယ်စာရင်းဟာ ၂၃ဝ ကျော်ရှိပါတယ်။ လွတ်လပ်ရေးနေ့မှာတောင် နိုင်ငံတော်အစိုးရက အပြစ်အတော်အတန် ရှိသူတောင် လွှတ်ပေးသေးတာ။ ယခု အဖမ်းခံရတဲ့ ကလေးက ဘာအပြစ်မှရှိတာ မဟုတ်ဘူး။ ပြန်လွှတ်ပေးသင့်တယ်လို့လည်း မျှော်လင့်တာပေါ့လေ။ သေစာရင်းကတော့ မရသေးဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးလာသူတွေ ရှိတယ်။ တချို့လည်း စာရင်းလာပေးတယ်။ တချို့လည်း မပေးကြဘူး။ အရင်တစ်ခေါက် ဗိုလ်ချုပ်ဂွမ်မော်နဲ့တွေ့ပြီး ဆွေးနွေးတာရှိတယ်။ လွှတ်ပေးမယ်ပြောတယ်။ တရားဝင်လွှတ်ပေးတာတော့ မရှိဘူး။ ထွက်ပြေးလာတာတွေတော့ အများကြီးရှိတာပေါ့။ နိုင်ငံတော် အကြီးအကဲတွေနဲ့ ကမ္ဘာအရပ်ရပ်က ရောက်လာတဲ့ ခေါင်းဆောင်တွေကို တင်ပြတာ ရှိပါတယ်။ ထိထိရောက်ရောက် အကျိုးဖြစ်တာတော့ မရှိသေးဘူး။ ကျွန်တော်တို့ကတော့ ကလေးတွေ ပြန်လွှတ်စေချင်တယ်။ တရားဥပဒေမဲ့ လုပ်ရပ်တွေ ပပျောက်စေချင်တယ်” ဟု ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တို့သည် ၂ဝ၁၄ မေ ၃၁ ရက် မြစ်ကြီးနား မနောကွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ဇွန်မှ စတင်ကာ လစဉ်တစ်ကြိမ်မှ နှစ်ကြိမ်အထိ တွေ့ဆုံမှုများရှိခဲ့ကာ ယင်းပဋိပက္ခ ညှိနှိုင်းရေး ဆွေးနွေးမှုများတွင် ဒေသအေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ သယံဇာတများ တူးဖော်ရာတွင် အန္တရာယ်မပေးရေး၊ ပြည်သူအများစု သုံးစွဲနေသော လမ်းကြောင်းများတွင် ပစ်ခတ်မှုများ မဖြစ်ပေါ်ရေး၊ လူသစ်စုဆောင်းခြင်းကိစ္စရပ်များ၊ကေအိုင်အေ အဖွဲ့သားများမှ ဆက်ကြေး (အခွန်) မကောက်ခံရေး၊ မူးယစ်ဆေးဝါးပြဿနာများနှင့် ကူးစက်ရောဂါ ကျန်းမာရေး စသည့်လုပ်ငန်းများတွင် ဆွေးနွေးခဲ့ပြီး ရှေ့တန်းစစ်မျက်နှာရှိ နှစ်ဖက်တပ်များ တင်းမာမှုများကိုလည်း လျှော့ချနိုင်သည်အထိ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာတွင် အစိုးရတပ်မတော်မှ ကေအိုင်အေ လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးပြီးနောက် ကေအိုင်အိုဘက်မှ ယင်းဖြစ်စဉ်အား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို မေးခွန်းများ မေးမြန်းထားပြီး ယင်းမေးခွန်းများကို မဖြေကြားသေးသောကြောင့် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေ အခုလောလောဆယ် တွေ့ဆုံဖို့ ဘာသံမှမကြားသေးဘူး။ မတွေ့တော့ဘူး မဟုတ်ပါဘူး။ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (UPWC) နဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့က ဖွဲ့ထားပေးထားတာပါ။ အောက်ခြေမှာဖြစ်တဲ့ အသေးအဖွဲတွေကို ဆွေးနွေးနိုင်ပေမယ့် လိုင်ဇာမှာ နိုဝင်ဘာ ၁၉ ရက်က ဖြစ်သွားတဲ့ကိစ္စတွေကို UPWC (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့) နဲ့ NCCT (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) တို့ တွေ့ပြီးမှသာ နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေ တွေ့နိုင်တော့မှာပါ။ လုံးဝ မတွေ့တော့မှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို အစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ဦးဆောင်ပြီး ပြည်နယ်အစိုးရ အဆင့်မြင့် အရာရှိများ ပါဝင်ကာ ကေအိုင်အိုအဖွဲ့မှ ဗိုလ်မှူးကြီးဇော်တောင် ဦးစီးပြီး နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ခေါင်းဆောင်များ ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List