Wednesday, December 17, 2014

မိုင်းယောင်းမြို့၌ သောင်းကျန်းသူ ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်




ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ မြို့မအားကစားကွင်း၌ ဒီဇင်ဘာ ၁၄ ရက်၊ နံနက်(၉)နာရီ အချိန်က သောင်းကျန်းသူ ဆန့်ကျင်ရှုတ်ချပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သဘာပတိများက နေရာယူပြီး၊ သဘာပတိများ ကိုယ်စား သဘာပတိ ဦးစိုင်းစောတင် က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မိုင်းယောင်းမြို့နယ်သည် သဘာဝ က ပေးသည့် ရေခံမြေခံ ကောင်းတွေကြောင့် ဆန်ရေစပါး ပေါကြွယ်ဝပြီး ရာဘာခြံများ၊ အခြားသီးနှံများ၊ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ ပြည်သူများသည်လည်း ဘာသာတရား ကိုင်းရှိုင်းပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်နေထိုင်ကြ သူများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် လက်နက်ကိုင် လူတစ်စုက လက်နက်ကိုင်ဆောင်ပြီး ဆက်ကြေးများကောက်ယူခြင်း၊ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဆိုးရွားဆုံးအနေခြင့် အပြစ်မရှိသော ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် မတရားမှုများ ကျူးလွန်လာကြသည့်အတွက် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရသည့် အဖြစ်ကို မိမိတို့အနေနှင့် လက်ခံနိုင်စရာ အကြောင်း မရှိပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြောင်း အဆိုကို ၀မ်ဘိုးကျေးရွာအုပ်စုမှ တိုင်းရင်းသား ကိုယ်စားလှယ်(၁)ဦးနှင့် ၀မ်ကောင်းကျေးရွာအုပ်စုမှ တိုင်းရင်းသား ကိုယ်စားလှယ် (၁)ဦးတို့က တင်သွင်းခဲ့ကြရာ၊ ယင်းအဆိုကို ၀မ်တပ်ကျေးရွာအုပ်စု၊ ၀မ်မန်းကျေးရွာအုပ်စု၊ မုန်းလိုက် ကျေးရွာအုပ်စုနှင့် ဟောင်ကြန့် ကျေးရွာအုပ်စုတို့မှ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးချင်းစီတို့က အသီးသီးထောက်ခံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့ပေါ် (၉)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၆)အုပ်စုရှိ ကျေးရွာ(၆၆)ရွာတို့မှ တိုင်းရင်းသားပြည်သူ အင်အား (၁၂၀၀)ကျော် တက်ရောက်သည်။

ထို့နောက် သဘာပတိက နိဂုံးချုပ်အနေဖြင့် ယခုအချိန်တွင် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး စသည်တို့ကို အစွမ်းကုန်ကြိုးစား တည်ဆောက်နေချိန်တွင် မိမိတို့ပြည်သူ များအား သောင်းကျန်းသူများမှ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုများကို ခါးခါးသီးသီး ဆန့်ကျင် ရှုတ်ချကြောင်း ပြောကြားပြီး၊ အခမ်းအနားတက်ရောက်သူများမှ သောင်းကျန်းသူ ချုပ်ငြိမ်းရေး ဒို့အရေး၊ သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး ဒို့အရေး၊ ပြည်သူ့ဘ၀ ငြိမ်းချမ်းရေး ဒို့အရေး စသည့် သောင်းကျန်းသူများ ဆန့်ကျင်ရှုတ်ချသည့် ကြွေးကြော်သံများ(၃)ကြိမ် ကြွေးကြော်၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းကြောင်း သိရှိရသည်။

သတင်း / ဓါတ်ပုံ- အားချာ
Tachileik Online News

No comments:

Post a Comment

My Blog List