Wednesday, December 17, 2014

ဂျာမနီနိုင်ငံ၌ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်



အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဂျာမနီနိုင်ငံ ဒရက်ဒန်မြို့၌ ပြုလုပ်ရာတွင် လူပေါင်း ၁၀,၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အနောက်တိုင်းအား အစ္စလာမ်ဇာတ်သွင်းမှု ဆန့်ကျင်ရေး မျိုးချစ် ဥရောပသားများအဖွဲ့ (Pegida) လှုပ်ရှားမှု စတင်ပေါက်ဖွားရာ ဒေသသည် ဒရက်ဒန်မြို့ ဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကလည်း ကြီးမားသော လူထုစုဝေးပွဲ တစ်ခုကို ဒရက်ဒန်မြို့၌ ပြုလုပ်ခဲ့သည်။

“ကျွန်မက လက်ယာအစွန်းရောက် မဟုတ်ပါဘူး။ နာဇီမဟုတ်ပါဘူး။ ဒီနိုင်ငံအတွက် စိုးရိမ်မိသလို ကျွန်မ မြေးမလေး အတွက်လည်း စိုးရိမ်မိပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

စားဖိုမှူးအလုပ်မှ ဂရပ်ဖစ်ဒီဇိုင်းနာ အလုပ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့သည့် အသက် ၄၁ နှစ်အရွယ် လူ့ဘတ်မန်က Pegida လှုပ်ရှားမှုကို Facebook လူမှုရေးဝက်ဆိုက်မှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဂျာမန်မီဒီယာများတွင် ဖော်ပြထားသည်။

ထို့အပြင် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လုပ်ဆောင်နေသော လူ့ဘတ်မန်က ၎င်းသည် လူမျိုးရေး ခွဲခြားမှုဝါဒီ မဟုတ်ဟု ပြောကြားလိုက်သည်။

သို့သော်လည်း ဒရက်ဒန်ဆန္ဒပြပွဲတွင် ပါဝင်သူ ရာပေါင်းများစွာသည် လက်ယာအစွန်းရောက် အဖွဲ့ဝင်များ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ထို့အပြင် အစွန်းရောက်များ၏ အမြတ်ထုတ်မှုမခံရန် ဂျာမန်ဝန်ကြီးချုပ် မာကယ်က ဂျာမန်နိုင်ငံသားများကို သတိပေးလိုက်သည်။
“ဂျာမနီမှာ လွတ်လပ်စွာ စုဝေးခွင့် ရှိပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံကနေ ဒီကိုလာနေသူတွေ အကြောင်း လိမ်ညာပြောခွင့်၊ လှုံ့ဆော်ပြောခွင့်တော့ မရှိပါဘူး” ဟု မာကယ်က ဘာလင်မြို့တော်တွင် ပြောကြားလိုက်သည်။

သို့သော်လည်း ဥပရောသမဂ္ဂအဖွဲ့နှင့် ပေါင်းစည်းရေး မလိုလားသည့် AfD ပါတီကမူ ဆန္ဒပြသမားများနှင့် အမြင် တူညီလျက်ရှိသည်။

“သူတို့တောင်းဆိုမှုတွေက တရားဝင်မှု ရှိပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးစနစ် ထိန်းချုပ်ရေး တောင်းဆို နေသည့် AfD ပါတီခေါင်းဆောင် ဘန်လူကီက မှတ်ချက်ပြုသည်။

ဂျာမနီနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့် တောင်းဆိုသူ အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၁၂၇,၀၀၀ သာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၂၀၀,၀၀၀ အထိ တိုးမြင့်သွားသည်နှင့်အတူ လူဝင်မှု ကြီးကြပ်ရေးစနစ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ဂျာမနီ၌ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာလျက် ရှိသည်။

အစ္စလာမ်ဘာသာကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်နေသလို ဘာသာရေးရာ အရ သည်းခံ ခွင့်လွတ်မှု၊ စိတ်ထားပွင့်လင်းမှု တို့ကို တောင်းဆိုသည့် လူပေါင်း ၁၅,၀၀၀ ကျော်တက် ရောက်သည့် ဆန္ဒပြပွဲတစ်ရပ် ကိုလည်း ကိုလုံးမြို့တွင် ကျင်းပလျက်ရှိသည်။.

The Voice Weekly

No comments:

Post a Comment

My Blog List