Wednesday, December 17, 2014

မြို့တော်ခန်းမအထွက် တံခါးကိုပိတ်၍ သပိတ်စခန်းဖွင့်သူများကို အရေးယူမည်



မြို့တော်ခန်းမရှေ့အထွက် တံခါးကိုပိတ်၍ သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေခြင်းမှာ အစိုးရရုံးဌာနကို ပိတ်ဆို့ခြင်း ဖြစ်သည့်အတွက် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ရာ တရားဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သော ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၏ e-Government လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရေး အစည်းအဝေး ပြီးဆုံးချိန်တွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရန် မြို့တော်ခန်းမ အဝင်ပေါက်ကို ပိတ်ဆို့ကာ ဆန္ဒပြ တောင်းဆိုနေသည့် မိကျောင်းကန် အပိုင်း(၁)၊ (၂) နှင့် အပိုင်း (၃) ပြည်သူများသည် အစည်းအဝေး တက်ရောက်လာသော တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ဝိုင်းဝန်း ဆန္ဒထုတ်ဖော်ခဲ့သည်။

သို့သော် အဆိုပါ ပြဿနာအပေါ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းနေမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်သို့ တစ်စုံတစ်ရာ ပြောဆိုခွင့် မရရှိခဲ့ကြောင်း အသက် ၅၀ အရွယ် ဆန္ဒထုတ်ဖော်သူ The Voice သို့ ပြောကြားသည်။

“ကျွန်မတို့ အတွင်းထဲအထိ ဝင်လို့ ရခဲ့ပေမယ့် သူတို့က ကားတွေနဲ့ တန်းပြီး ထွက်သွားကြတာ” ဟု ၎င်းကဆိုသည်။

သိမ်းဆည်းခံ မြေများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရန်အတွက် မဟာဗန္ဓုလ ပန်းခြံဘေးတွင် ဆန္ဒထုတ်ဖော်နေသည်မှာ ကိုးလကြာပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ လူငါးဆယ်ဝန်းကျင်က မြို့တော်ခန်းမ အထွက်ပေါက်ရှေ့သို့ ပြောင်းရွှေ့ ဆန္ဒထုတ်ဖော်နေခြင်း ဖြစ်သည်။

ယင်းသို့ ပြုလုပ်ခြင်းသည် ဥပဒေနှင့် မညီညွတ်သည့်အပြင် လွှတ်တော် အတွင်းမှနေ၍ အဆိုပါ ပြဿနာအရေး ဆောင်ရွက်နေမှုအပေါ် အခက်အခဲ ဖြစ်စေသောကြောင့် ရုပ်သိမ်းပေးရန် ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု၊ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးခိုင်မောင်ရည် လာရောက် ညှိနှိုင်းခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများက လက်မခံခဲ့ပေ။


The Voice Weekly 

No comments:

Post a Comment

My Blog List